
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာပြီး တက်ကြွစွာပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခိုင်မာမာ တိုးချဲ့သွားရန် စီစဉ်လျက်ရှိသည်။ “၁၉ ကြိမ်မြောက် ဟိုချီမင်းမြို့တော်နိုင်ငံတကာ ခရီးသွားကုန်စည်ပြပွဲ” တွင် ခရီးသွားလာရေးဝန်ကြီး Huot Hak နှင့် ဗီယက်နမ်ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး Nguyễn Văn Hùng တို့အကြား ဆွေးနွေးခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တွေ့ဆုံစဉ် နှစ်ဖက်စလုံးမှ လက်ရှိ နားလည်မှုစာချွန်လွှာ MoU ၏ တိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး ယနေ့အထိ အောင်မြင်မှုများကို အကဲဖြတ်ကာ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် လမ်းညွှန်ချက်အသစ်များကို သဘောတူညီခဲ့ကြသည်။ သဘော တူညီချက်အသစ်သည် ရှေးဟောင်းယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်များ၊ ရိုးရာဓလေ့များ၊ ခိုင်မာသောဘေးကင်းရေးစံနှုန်းများနှင့် ဒေသခံပြည်သူများ၏ နွေးထွေးပျူငှာသော ဧည့်ဝတ်ကျေပွန်မှုတို့အပါအဝင် နှစ်နိုင်ငံ၏ ကြွယ်ဝသော ခရီးသွားလုပ်ငန်း အလားအလာများကို မြှင့်တင်ရင်း ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချဲ့ထွင်ပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။ နှစ်နိုင်ငံလုံးသည် ရေရှည်တည်တံ့မှု၊ ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းမှုတို့ကို အဓိကထား၍ ပြည်တွင်းပြည်ပ ခရီးသွားများ လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးမည့် ဆွဲဆောင်မှုရှိသော၊ ယှဉ်ပြိုင်နိုင်သော ခရီးသွားလုပ်ငန်း အခွင့်အလမ်းအသစ်များ ဖော်ဆောင်သွားရန် ကတိပြုခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)