
အင်ဒိုနီးရှားဒုတိယကုန်သွယ်ရေးဝန်ကြီး Roro Esti က အင်ဒိုနီးရှား-ချီလီဘက်ပေါင်းစုံ စီးပွားရေးမိတ်ဖက်သဘောတူညီချက် (IC-CEPA) အကောင်အထည်ဖော်ပြီးချိန်မှစ၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆက်လက်ကြီးထွားခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့်ချီလီ-အင်ဒိုနီးရှားကုန်သွယ်ရေး ချိတ်ဆက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် Esti က နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဆက်ဆံရေးအားကောင်းခဲ့ကြောင်း၊ ၎င်းသည် မိတ်ဖက်ဖွဲ့မှုနောက်တွင် နှစ်နိုင်ငံကြားတင်ပို့မှုတန်ဖိုးများ မြင့်တက်လာမှု၏ သက်သေဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ IC-CEPA သဘောတူညီချက်မရရှိမီက နှစ်နိုင်ငံကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၃၀၄ သန်းသာရှိရာမှ အကောင်အထည်ဖော်ပြီးနောက်တွင် အမေရိကန်ဒေါ်လာ ၄၄၆ သန်းထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Esti က၎င်းသည် အပြန်အလှန်ဆက်ဆံ ရေးတွင် စာမျက်နှာသစ်တစ်ခုဖြစ်ခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကို ကျော်လွန်၍ ဗိသုကာပညာ၊ အင်ဂျင်နီယာပညာ၊ ဆောက်လုပ်ရေး၊ ကြေးနန်းဆက်သွယ်ရေးများ၊ ဖြန့်ဖြူးရေး၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်၊ သတ္တုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် ကဏ္ဍများသို့ ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ချီလီ၏ ပို့ကုန်မြှင့်တင်ရေးအေဂျင်စီဖြစ်သည့် ProChile ကနှစ်နိုင်ငံစလုံးမှ မူဝါဒချမှတ်သူများနှင့် ကုန်သွယ်ရေးဦးဆောင်သူများကြားကျင်းပသည့် အစည်းအဝေးသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များရှာဖွေရန် ရည်ရွယ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ ၎င်းသည် စီးပွားရေးသံတမန်ရေးတွင် ယုံကြည်မှု၊ အရည်အသွေး နှင့် ဆန်းသစ်တီထွင်မှုတို့၏ အခန်းကဏ္ဍကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ProChile ၏ ညွှန်ကြားရေးမှူးချုပ် Ignacio Fernandez က အာဆီယံနိုင်ငံများ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ကုန်သွယ်ရေးအားကောင်းခြင်းသည် အစားအစာ၊ အကောင်းစားဝိုင်၊ ဝန်ဆောင်မှုများ၊ နည်းပညာ နှင့် အနုပညာများအတွက် ချီလီ၏ပို့ကုန်ဈေးကွက်များကွဲပြားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၁.၉ သန်း ရှိပြီး အင်ဒိုနီးရှားကကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၀၁.၉ သန်းရရှိခဲ့ကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)