စလင်းမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိပြီး သီးနှံစုံစိုက်ပျိုး ဖြစ်ထွန်းသောမြို့ဖြစ်ပါသည်။ စလင်းမြို့တွင်ဝါကို စလင်းမြို့အနောက်ဘက်ကုန်းမြင့်ဒေသနှင့် ယာမြေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၂ ခုနှစ်တွင် (၁၅၀၀၀)ဧကခန့် စိုက်ပျိုးထား ရှိပါသည်။ ဝါအဓိကစိုက်ပျိုးကြသော စလင်းမြို့နယ် အင်ကျင်းပင်လှကျေးရွာရှိ တောင်သူ ဦးတင်ဆန်းနှင့် တွေ့ဆုံပြီးဝါစိုက်ပျိုးထွက်ရှိမှု အခြေအနေအားကွင်းဆင်းမေးမြန်းမှုအရ အင်ကျင်းပင်လှကျေးရွာ တွင် တောင်သူ(၁၂၀)ဦးခန့်စိုက်ပျိုးထားရှိပြီး ကျေးရွာအနေဖြင့် ဝါဧက(၇၅၀)ဧကစိုက်ပျိုး ကြောင်းဝါစိုက်တောင်သူများအနေဖြင့် ငွေခြည်(၆)၊ ငွေခြည်(၈)၊ ငွေခြည်(၁၀)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ RAKA(၆၆၆) ဝါအမျိုးအစားများစိုက်ပျိုး ကြပါသည်။ ဖော်ပြပါအမျိုးအစားများအနက် RAKA (၆၆၆) ဝါမှာ အထွက်နှုန်းအောင်မြင်ပြီး ဈေးနှုန်းရရှိကြောင်း ဝါစိုက်တောင်သူထံမှ သိရှိရပါသည်။
နှစ်စဉ်ဇူလိုင်လလယ်တွင် စိုက်ပျိုးကြပြီး စိုက်ပျိုးပြီးရက်ပေါင်း (၁၀၀-၁၂၀) ခန့်တွင် အပြီးခူးဆွတ်ရပါသည်။ ယခင်နှစ်က ဝါ(၁)ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် (၂၅၀၀၀၀)ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၂၀၀၀၀၀)ခန့်ရရှိကြောင်း၊ မြေအနေ အထား၊ ရာသီဥတုနှင့်သွင်းအားစုပေါ်မှုတည်၍ ဝါ(၁)ဧက(၇-၁၀)ကြိမ်ထိခူးဆွတ်ရပြီး (၁)ကြိမ် လျှင် (၄၀-၅၀)ပိဿာရရှိကာ ဝါ(၁)ဧကလျှင်ပျမ်းမျှ(၃၅၀)ပိဿာထွက်ရှိ၍ ယခင်နှစ်က ဝါသီးနှံ အနိမ့်ဆုံး (၁၅၀ဝိ/-)ရခဲ့ကြောင်း ထွက်ရှိလာသော ဝါများကို မြို့ပေါ်ရှိပွဲရုံများနှင့် စလင်း၊ ပွင့်ဖြူ၊ မိတ္ထိလာ၊ မန္တလေးစသည့်မြို့များရှိ ဝယ်လက်များမှ လာရောက်ဝယ်ယူကြောင်း ယခုနှစ် ဝါစိုက်ပျိုးကာလတွင် ရာသီဥတုကောင်းမွန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေများခြင်း၊ မှိုရောဂါနှင့် ပြရောဂါများ ကျရောက်မှုနည်းပါးခြင်းတို့ကြောင့် အထွက်နှုန်းကောင်းနိုင်ပြီး ယခင်နှစ်ကထက် အထွက်နှုန်းပို၍ရရှိနိုင်သည့်အပြင် လက်ရှိဝါ(၁)ပိဿာ (၂၀၀ဝိ/-)ကျော်ဖြစ်၍ အကျိုးအမြတ်ပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း ဝါစိုက်တောင်သူ ဦးတင်ဆန်းထံမှ သိရှိရပါသည်။
DOCA(မကွေး)