
၂၀၂၅ ခုနှစ်၊ ပထမ (၈) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ကန်ဒေါ်လာ ၇.၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း ၄၉၁ ခုကိုအတည်ပြုခဲ့ပြီး စီမံကိန်း အရေအတွက်သည် ယခုနှစ်ကုန်တွင် ပိုမိုမြင့်တက်လာဖွယ်ရှိပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် ၄၀၀,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ (၁) Sun Chanthol က ၈-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ သည့် ၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ကုန်စည်ပြပွဲ (CIFIT) ဖွင့်ပွဲအခမ်းအနားတွင် ၎င်း၏ အဓိက အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မိန့်ခွန်းတွင် Chanthol သည် Belt and Road Initiative ၏ ရည်ရွယ်ချက်များကိုမြှင့်တင်ရင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် CIFIT 2025 အား လက်ခံကျင်းပပေးသည့် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း ချီးကျူးစကား ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံတန်ဖိုးရှိ စီမံကိန်းပေါင်း ၄၁၄ ခုကို အတည်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း တိုးလာကြောင်း Chanthol က မှတ်ချက်ပြုခဲ့သည်။ အဆိုပါ အခမ်းအနားတွင် Chanthol က ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၅၀ ခုနှစ်တွင် ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်လာရန် ရည်မှန်းထားပြီး ဆိုလာစွမ်းအင်၊ စနစ်ကျသော စိုက်ပျိုးရေး၊ သန့်ရှင်းသော သယ်ယူပို့ဆောင်ရေးနှင့် အခြားသော ထွန်းသစ်စကဏ္ဍများတွင် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဦးစားပေးကဏ္ဍများနှင့်အတူ ကမ္ဘောဒီးယား၏ မျှော်မှန်းချက်များကို ထပ်လောင်း ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)