Main menu

ပြောင်းတင်သွင်းရာ၌ တောင်ယာမီးရှို့မှုမရှိကြောင်း အထောက်အထားတင်ပြရန် စည်းကမ်းချက် ထိုင်းအစိုးရ ချမှတ်

Powered by Drupal

      ထိုင်းနိုင်ငံသည် PM2.5 အမှုန်အမွှားအဆင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို လျှော့ ချရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသော ကုန်သွယ်ရေးစံသတ်မှတ်ချက်အသစ် ချမှတ်ရန် ရည်ရွယ်၍ စိုက်ခင်းတွင် သီးနှံကြွင်းကျန်များကို မီးရှို့သော နေရာများမှ တင်သွင်းသည့် ပြောင်းကို တားမြစ်သွားမည်ဟု သိရသည်။

       ထိုင်းနိုင်ငံသည် နှစ်စဉ် ပြည်တွင်း၌ ပြောင်းတန်ချိန် ၄ သန်းမှ ၅ သန်းအထိ ထုတ်လုပ် သော်လည်း တိရစ္ဆာန်အစာထုတ်လုပ်မှုအတွက် လိုအပ်ချက်မှာ တန်ချိန် ၉ သန်းခန့်ရှိကြောင်း၊ နှစ်စဉ် ပြည်ပမှ ပြောင်းတန်ချိန် ၂ သန်းခန့် တင်သွင်းရန် လိုအပ်ပြီး ၎င်းအနက် ၉၀ ရာခိုင်နှုန်းခန့် ကို မြန်မာနိုင်ငံမှလည်းကောင်း၊ ကျန်ရာခိုင်နှုန်းများကို လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ လည်း ကောင်း တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

      နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Duangarthit Nidhi-u-tai က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ပြောင်းတင်သွင်းသူများအနေဖြင့် ၎င်းတို့ဌာနတွင် နှစ်စဉ်မှတ်ပုံတင်ကြရမည်ဖြစ်ပြီး တင်သွင်းသည့် ပြောင်းများ၏ အရင်းအမြစ်သည် လယ်ယာ လုပ်ငန်း အကြွင်းအကျန်များအား မီးရှို့မှုမပြုသော  တောင်ယာစိုက်ခင်းများမှဖြစ်ကြောင်း အတည် ပြု သက်သေခံချက် တင်ပြရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

      ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ လေထုသန့်ရှင်းမှုဥပဒေကြမ်းနှင့် ဆက်စပ်ဥပဒေများကို ပြဋ္ဌာန်းပြီးစီးချိန်အထိ ကြားကာလအတွင်း ပြောင်းတင်သွင်းသူများ အနေဖြင့် ၎င်းတို့၏ကုန်စည် များအတွက် မိမိကိုယ်တိုင်အတည်ပြုခြင်း သို့မဟုတ် တင်ပို့သည့်နိုင်ငံမှ အစိုးရအဖွဲ့အစည်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုအဖွဲ့အစည်းများ၏ သက်သေခံလက်မှတ် ပြသခြင်း ဖြင့် လုပ်ကိုင်ခွင့်ရှိမည် ဖြစ်သည်။

     ပြောင်းတင်သွင်းသူများသည် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များနှင့် ပြောင်း စိုက်ပျိုးသည့် တောင်ယာများ၏ ပထဝီဝင်တည်နေရာ အသေးစိတ်ပါဝင်သော မှတ်တမ်းများကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းအားဖြင့် မူလအရင်းအမြစ်အထိ စနစ်တကျ ခြေရာ ကောက်နိုင်မည် ဖြစ်သည်။

      လေထုသန့်ရှင်းမှုဥပဒေ (မူကြမ်း) စတင်အာဏာသက်ရောက်ပါက ပိုမိုတင်းကျပ်သည့် စံချိန်စံညွှန်းများဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ အနာဂတ်ကာလ ပြောင်းတင်သွင်း မှုများတွင် တင်ပို့သည့်နိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ရအဖွဲ့အစည်း၏ သက်သေခံချက်နှင့်အတူ စိုက်ပျိုးထုတ်လုပ်သော မြေနေရာများ၏ မြေပုံများကို ပူးတွဲပြသရန် လိုအပ်မည်ဖြစ်သည်။

      အဆိုပါဥပဒေအသစ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အာဏာသက်ရောက် နိုင်ရေး စီစဉ်ဆောင်ရွက်မှုနှင့်အတူ အစိုးရအဖွဲ့သစ်ထံ အတည်ပြုချက်ရယူနိုင်ရေး တင်ပြသွားမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Duangarthit က ဖော်ပြခဲ့သည်။

Source: Bangkok Post, 23 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)