ကမ္ဘာ့စားသုံးဆီဈေးကွက်ခိုင်မာမှုနှင့် ရောင်းလိုအားအပိုင်း မရေရာမှုများရှိနေခြင်း တို့အရ မလေးရှား စားအုန်းဆီကြမ်း (CPO) စျေးနှုန်းသည် မကြာမီကာလအတွင်း တစ်တန်လျှင် ရင်းဂစ် ၄၂၀၀ နှင့် ရင်းဂစ် ၄၅၀၀ ကြားနှုန်းထားဖြင့် အရောင်းအ၀ယ်ဖြစ်နိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) ၏ ပြောကြားချက်အရ သိရကြောင်း The Edge Malaysia သတင်း ဌာနက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။
အဓိကအားဖြင့် အင်ဒိုနီးရှားမှ စားအုန်းဆီကိုလည်းကောင်း၊ အမေရိကန်နှင့် ဘရာဇီးတို့မှ ပဲပုပ်ဆီကိုလည်းကောင်း ဇီဝဒီဇယ်ထုတ်လုပ်မည့်မူဝါဒများ အသီးသီးချမှတ်လုပ်ကိုင်ခြင်းကြောင့် တင်ပို့ရန်အတွက် စားသုံးဆီများ ပေးသွင်းနိုင်မှုမှာ မသေချာမရေရာမှုများ ရှိနေချိန်၌ စားအုန်းဆီ ဈေးနှုန်းအတက်ဘက်သို့ ဖြစ်ပေါ်နိုင်မှုမှာ အဓိကဈေးကွက်များမှ ဝယ်လိုအားနည်းပါးခြင်းကြောင့် ကန့်သတ်ချက်ရှိနေသည်။
ထို့အပြင် ရေနံစိမ်းစျေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ (၂၅၂.၃၆ ရင်းဂစ်) ဝန်းကျင်တွင် တည်ငြိမ်လျက်ရှိနေခဲ့ပြီး တန်ဖိုးမြင့်တက်မည့် အရိပ်အခြေရှိနေသဖြင့် ဟင်းသီးဟင်းရွက်ဆီများ ဈေးနှုန်းခိုင်မာမှုကို ထပ်လောင်းပံ့ပိုးပေးလျက်ရှိကြောင်း စက်တင်ဘာ လ ၂၂ ရက်(တနင်္လာနေ့)တွင် MPOC က ထုတ်ပြန်ခဲ့သည်။
မလေးရှား၏ စားအုန်းဆီ သိုလှောင်မှုလက်ကျန်မှာ ဩဂုတ်လတွင် တန်ချိန် ၂.၂၀ သန်း အထိ မြင့်တက်ခဲ့သည်။ ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၄၃၀၀၀ ပိုမိုတိုးတက်လျက် တန်ချိန် ၁.၈၅ သန်းအထိ ရှိလာသော်လည်း တင်ပို့မှုအနေဖြင့် တန်ချိန် ၁.၃၂ သန်းသာရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း၌ အမြင့်ဆုံးလက်ကျန်ပမာဏသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ စားအုန်းဆီလက်ကျန် များပြားမှုရှိသော်လည်း ဟင်းသီးဟင်းရွက်ဆီဈေးကွက်၌ ရောင်းလိုအား တင်းကျပ်မှု ကျယ်ပြန့်စွာဖြစ်ပေါ်လျက်ရှိရာ စျေးနှုန်းများ ဆက်လက်ခိုင်မာနေပြီး စားအုန်းဆီ ကဏ္ဍမှ ဝင်ငွေသည် တတိယသုံးလပတ်တွင် ၁၀.၉ ရာခိုင်နှုန်း တိုးတက်မှုဖြင့် ဦးဆောင်ခဲ့သည်။
ရှေ့အနာဂတ်ကို မျှော်ကြည့်ရာတွင် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားသည် ၂၀၂၆ ခုနှစ်၌ ထုတ်လုပ်မှုထက်သာလွန်မည်ဟု ခန့်မှန်းရပြီး အဓိကစျေးကွက်များတွင် ချမှတ်ထားသည့် ဇီဝဒီဇယ်ထုတ်လုပ်မှု မူဝါဒများက တင်ပို့နိုင်မှုကို ပိုမိုကန့်သတ်နိုင်သည်ဟု MPOC ကထပ်လောင်း ပြောကြားခဲ့သည်။
စားအုန်းဆီ ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရာသီအလိုက် ကျဆင်းလာမည် ဖြစ်ပြီး ယင်းအခြေအနေက ကုန်လက်ကျန်များပြားမှုဖိအားကို သက်သာစေလျက် ဈေးနှုန်းများ ကောင်းမွန်မှုကိုပါ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဇီဝဒီဇယ်၌ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောနှောအသုံးပြုမည့် အစီအစဉ်ကို အစိုးရက တိုးမြှင့်လုပ်ဆောင်ပါက အင်ဒိုနီးရှား၏ တင်ပို့နိုင်မည့် စားအုန်းဆီပမာဏသည် ဖြစ်နိုင်ခြေရှိသော အရေအတွက်အောက်သို့ ကျဆင်းသွား နိုင်သည်။ အဆိုပါအချက်များသည် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း အထိ ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိသည်ဟု MPOC ကဆိုသည်။
အမေရိကန်နှင့် အာဂျင်တီးနားနိုင်ငံတို့ရှိ လယ်သမားများသည် အမြတ်အစွန်း ပိုမိုရရှိသော သီးနှံများကို ပြောင်းလဲစိုက်ပျိုးသောကြောင့် ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ခုနှစ်တွင် တန်ချိန် ၂၇ သန်းထိ တိုးတက်ထုတ်လုပ်ခဲ့ရာမှ ၂၀၂၅-၂၆ ခုနှစ်၌ တန်ချိန် ၂.၅ သန်းခန့် သိသာစွာ လျော့နည်းနိုင်ပြီး ထုတ်လုပ်မှု နှေးကွေးသွားဖွယ်ရှိသည်။
ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ (CBOT) တွင် လက်ရှိ ပဲပုပ်စေ့ဈေးနှုန်းသည် အမေရိကန် ၏ ပဲပုပ်စေ့ ၁ ဘူရှယ် (ပေါင် ၆၀) ထုတ်လုပ်မှုကုန်ကျစရိတ် ၁၁.၀၃ အမေရိကန်ဒေါ်လာ အောက် သို့ လျော့နည်းလျက် ၁ ဘူရှယ်လျှင် ၁၀.၄၀ အမေရိကန်ဒေါ်လာနှုန်းရှိနေကြောင်း အမေရိကန် ပဲပုပ်အသင်း၏ အချက်အလက်များကို ကိုးကားလျက် MPOC က မှတ်ချက်ပြုပြောကြားသည်။
၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် စားသုံးမှုထက် ပိုလျှံနေဦးမည်ဖြစ်သော်လည်း ကုန်လက်ကျန်ပမာဏ စုပုံလာမှုသည် လွန်ခဲ့သည့်သုံးနှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ နှေးကွေးမည်ဟု မျှော်လင့်ရပြီး ပဲပုပ်စျေးနှုန်းများကျဆင်းသွားစေနိုင်သည့်ဖိအားများကို လျှော့ချ နိုင်သည်ဟု MPOC က ဆိုသည်။
စားသုံးဆီ အဓိကတင်သွင်းသောနိုင်ငံများတွင် ဟင်းသီးဟင်းရွက်ဆီ သိုလှောင်မှုမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီသိုလှောင်မှုမှာ ၂၀၂၅ ခုနှစ် မေလတွင် တန်ချိန် ၁.၃၃ သန်းသာရှိခဲ့ရာ သြဂုတ်လတွင် တန်ချိန် ၁.၈၆ သန်းသို့ရောက်ရှိပြီး ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီသိုလှောင်မှုမှာ ၂၀၂၅ ခုနှစ် မေလမှ စတင်၍ မြင့်တက်လာခဲ့ပြီး သြဂုတ်လတွင် တန်ချိန် ၂.၄ သန်းအထိ ရောက်ရှိခဲ့ရာ ယခင်နှစ်ထက် ၂၁ ရာခိုင်နှုန်းပိုမိုခဲ့သည်။ တရုတ်နိုင်ငံ၏စားအုန်းဆီသိုလှောင်မှုမှာလည်း စက်တင် ဘာလလယ်အထိ တန်ချိန် ၆၄၆,၀၀၀ ခန့်ရှိပြီး တင်သွင်းရန် မလိုအပ်ပဲ ၃ လစာ ရောင်းလိုအားနှင့် ညီမျှကြောင်း သတင်းရရှိပါသည်။
Source: The Edge Malaysia, 22th Sept 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)