
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တရုတ်ဈေးကွက်သို့ တင်ပို့ရောင်းချမှုမြှင့်တင်ရန် ဟီနန် အခြေစိုက် ကုမ္ပဏီနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul နှင့် Henan ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး Zheng Haiyang တို့ က ၉-၉-၂၀၂၅ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသည် ကမ္ဘောဒီးယားနှင့်ဟီနန်ပြည်နယ်ကြား စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရန်နှင့်တိုးချဲ့ရန်ရည်ရွယ်ပြီး စိုက်ပျိုးရေးကဏ္ဍကို အထူးအလေးထား သည့် အစည်းအဝေးဖြစ်သည်။ ဝန်ကြီး Nimul မှ Zheng အား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ၎င်း၏ ဂါရဝပြု နှုတ်ဆက်မှုနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး နယ်ပယ်များတွင် ကမ္ဘောဒီးယား-တရုတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှုများ အတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှု တိုးမြှင့်ရေး၏ အရေးကြီးပုံကို ရှင်းလင်းပြောကြားခဲ့သည်။ ဝန်ကြီး Nimul က ကမ္ဘောဒီးယား တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများကို အားပေးထောက်ခံကြောင်း၊ ခေတ်မီစိုက်ပျိုးရေး၊ စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်းများနှင့် ဒစ်ဂျစ်တယ် နည်းပညာများအပါအဝင် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကွင်းဆက်များတွင် ပေါင်းစည်းရန် အလားအလာမြင့်မားသည့် ကဏ္ဍများကို အလေးပေးပြောကြားခဲ့သည်။ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၏ အကျိုးကျေးဇူးများကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နားလည်မှု စာချွန်လွှာများ ထပ်မံရရှိရန် နှစ်နိုင်ငံစလုံး၏ ပုဂ္ဂလိကကဏ္ဍများကို ဝန်ကြီးက ဆက်လက်တိုက်တွန်းခဲ့သည်။ အခမ်းအနားအတွင်း ဝန်ကြီး Nimul သည် တရုတ်ဈေးကွက်တွင် ကမ္ဘောဒီးယား သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ မြှင့်တင်ရန် ရည်ရွယ်သည့် Zhengzhou Chen's Sun Fruit and Vegetable Co., Ltd. နှင့် Nongde Agricultural Development Co., Ltd. တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။
DOCA(ရန်ကုန်)