
ကမ္ဘောဒီးယားနိုင်ငံ၏ အာမခံကဏ္ဍကို အားကောင်းစေမည့် လှုပ်ရှားမှုတွင် ကမ္ဘောဒီးယား အာမခံ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (IRC) နှင့် ဗြိတိန်နိုင်ငံမှ အာမခံလုပ်ငန်းအဖွဲ့ (CII) တို့သည် ဒေသဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး၊ လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၁၀-၉-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို IRC ညွှန်ကြားရေးမှူးချုပ် Bou Chanphiru နှင့် CII ၏ အမှုဆောင်ဒါရိုက်တာ Holly Porter တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ နားလည်မှု စာချွန်လွှာသည် ကမ္ဘောဒီးယားနိုင်ငံရှိ လူ့စွမ်းအားအရင်းအမြစ်နှင့် အာမခံကဏ္ဍကျွမ်းကျင်မှုများ ကို အားကောင်းလာစေရန်အတွက် ရည်ရွယ်ကြောင်း IRC မှ ထုတ်ပြန်ထားသည်။ နားလည်မှု စာချွန်လွှာအရ CII မှ အာမခံလုပ်ငန်းကြီးကြပ်သူများနှင့် အာမခံလုပ်ငန်းဝန်ထမ်းများအား ပေးဆောင်မည့် အာမခံကဏ္ဍကျွမ်းကျင်မှု အားကောင်းလာစေရန် အဖွဲ့အစည်းနှစ်ရပ်မှ ပူးတွဲသုံးသပ်သွားမည် ဟု ဖော်ပြထာသည်။ IRC သည် လက်ရှိတွင် လေ့ကျင့်ရေးကျောင်း အဆောက်အအုံကို တည်ဆောက်နေပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လေ့ကျင့်ရေး အစီအစဉ်များ စီစဉ်ဆောင်ရွက်ရန် CII Institute နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း IRC ညွှန်ကြားရေးမှူးချုပ် Bou Chanphiru ကပြောကြားခဲ့သည်။ အာမခံကဏ္ဍသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် စုစုပေါင်း ပရီမီယံဒေါ်လာ ၈၄.၆၇ သန်းကို ထုတ်ပေးခဲ့ပြီး ယမန်နှစ် အလားတူကာလ ကန်ဒေါ်လာ ၈၁.၁၆ သန်းမှ ၄ ရာခိုင်နှုန်း တိုးလာကြောင်း IRC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ Chanphirou က IRC သည် ၂၀၂၇ ခုနှစ်တွင် ဖနွမ်းပင်မြို့၌ အာမခံအသက်မွေးဝမ်းကျောင်းသင်တန်းကျောင်း တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)