Main menu

သထုံမြို့၌ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

Powered by Drupal

  မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်းပြုလုပ်သည့် လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ၁၉.၉.၂၀၂၅ ရက်နေ့ နံနက်က ထောင်မှူးကျေးရွာ၊ သုဓမ္မဝတီမြို့သစ်ရှိ ရန်ကုန်-ဘားအံ ကားလမ်းနံဘေး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် မြို့နယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးတို့က ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းအဖွဲ့များနှင့် ပြည်သူများထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ကြသည်။

  ယင်းနောက် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူတို့က ပျိုးပင်များကို သတ်မှတ်ထားသည့် စိုက်ပျိုးမြေနေရာအသီးသီးတို့၌ တပျော်တပါးစိုက်ပျိုးပေးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တက်ရောက်လာသူတို့၏ ပျိုးပင်များစိုက်ပျိုး နေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

  အဆိုပါနေ့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်နှင့် မဟော်ဂနီ ပျိုးပင်စုစုပေါင်း ၁၀၅၀ အား လမ်းဘေး ဝဲယာစိမ်းလန်းစိုပြည်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များက တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)