၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ( ၁၅ )ရက်နေ့၊ နံနက်( ၁၁:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်း၌ မုံရွာမြို့ပေါ်ရှိ ကိတ်မုန့်၊ ပေါင်မုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော မြတ်ကိတ် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး ဒေါ်မိုးသီတာလင်းမှဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည်က ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်ရက်စွဲ၊ ပါဝင်ပစ္စည်းများပါဝင်ခြင်းရှိ/ မရှိနှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသော ကိတ်မုန့်၊ ပေါင်မုန့်များအား စားသုံးသူများစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စားသုံးသူ ရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သတ်တမ်း ကုန်ဆုံးသည့်ရက်စွဲများကို ကုန်စည်တွင် ဖော်ပြရာ၌ ထပ်ပိုးလွှာ၊ ထပ်ပိုးကပ်လွှာ( Sticker ) ဖြင့် ကပ်နှိပ်ဖော်ပြရန် သီးခြား ခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုန်စည်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရန်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နောက်ပိုင်းတွင် လိုက်နာ ဆောင်ရွက်ရန်အားနည်းသော သို့မဟုတ် လိုက်နာရန်ပျက်ကွက်သော ကုန်စည်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ထည့်သွင်းသွားရန် လိုအပ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မုန့်ဖိုလုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)