Main menu

အီသနောထုတ်ရန် ပြောင်းများ အမေရိကန်ထံမှ အိန္ဒိယ ဝယ်ယူဖွယ်ရှိ

Powered by Drupal

          အိန္ဒိယနိုင်ငံ အနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ရန်အတွက် စေ့စပ် ကမ်းလှမ်းမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် အမေရိကန်ထံမှ စွမ်းအင်ထုတ်ကုန်များ အမြောက် အမြား ဝယ်ယူခြင်းအပြင် အီသနောထုတ်လုပ်ရာ၌ အသုံးပြုရန် ပြောင်းများကိုလည်း ဝယ်ယူဖွယ် ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

          အိန္ဒိယနိုင်ငံ၏ ရုရှားရေနံများဝယ်ယူနေခြင်းသည် ယူကရိန်းနှင့် ဖြစ်ပွားလျက်ရှိသော စစ်ပွဲ အတွက် အကူအညီပေးအပ်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံက ပြောဆိုလျက် ပြစ်ဒဏ်အဖြစ် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခြင်းကို ဖယ်ရှားပေးရန် အိန္ဒိယဘက်မှ တောင်းဆိုထားသည်။ အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရာတွင် ကမ်းလှမ်းချက်အသစ် ပြုလုပ်ခဲ့ကြောင်း၊ အီသနောလောင်စာ ထုတ်လုပ်ရာ၌ အသုံးပြုရန် အမေရိကန်ပြောင်းများကို ဝယ်ယူရေး ဆွေးနွေး လျက်ရှိကြောင်းဖြင့် အိန္ဒိယအစိုးရ အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ မျိုးဗီဇပြုပြင်ထားသည့် သီးနှံ များနှင့်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်ပေါ်မှုအကြောင်းပြချက်ဖြင့် အိန္ဒိယဘက်မှ ငြင်းဆိုထားသော် လည်း ၎င်း၏ ပဲပုပ်စေ့နှင့် ပြောင်းများကို ဝယ်ယူရန် အမေရိကန်က အိန္ဒိယသို့ တွန်းအားပေး နေချိန်၌ ထိုကဲ့သို့ ကမ်းလှမ်းလုပ်ဆောင်ခြင်းသည် အရေးပါမှုရှိသည်ဟု ယူဆရသည်။ 

          သို့ရာတွင် လယ်သမားများကို အကာအကွယ်ပေးရန် သို့မဟုတ် မျိုးဗီဇပြုပြင်ထားသော ထုတ်ကုန်များ စားနပ်ရိက္ခာကွင်းဆက်တွင် ပါဝင်လာခြင်းကို ဟန့်တားရန်အတွက် အိန္ဒိယအစိုးရ သည် လယ်ယာကဏ္ဍ၌ ဈေးကွက်ဝင်ရောက်ခွင့်နှင့်စပ်လျဉ်း၍ အလျှော့ပေးခြင်းမပြုမည့် မူဘောင် ကို ကိုင်စွဲထားသည်။

          ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်ဆဲဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သတ်မှတ်ထားသည့် နောက်ဆုံးနေ့ရက်မတိုင်မီ သဘောတူညီမှုရရှိရန် ကြိုးပမ်းနေကြောင်း၊ သို့သော် မည်သည့်နေ့ရက်၊ မည်သည့်နေရာတွင် နောက်တစ်ကြိမ် ဆွေးနွေးပွဲကျင်းပမည်ဆိုသည့်အချက်ကို မသတ်မှတ်ရ သေးကြောင်း၊ ဆွေးနွေးမှုများကို အသုတ်လိုက် ပြုလုပ်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် စတင်ထားခဲ့ သည့် လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်းဖြင့် အခြား အိန္ဒိယအရာရှိ တစ်ဦးကလည်း ပြောကြားခဲ့သည်။

          အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Jamieson Greer နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sergio Gor တို့နှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များ သည် သဘောတူညီချက်ရရှိရန် ဖြစ်တန်ခြေရှိသော ကောက်ကြောင်းများအပေါ် ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို ဆောလျင်စွာချမှတ်နိုင်ရေး ဆက်လက်တွေ့ဆုံမှုများ လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန က စက်တင်ဘာ ၂၄ ရက်နေ့၌ ထုတ်ဖော်ပြောကြားထားသည်။

          ထိုကဲ့သို့ လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးပွဲသည် ဩဂုတ် ၂၇ ရက်နေ့၌ အမေရိကန်ဘက်မှ ပြစ်ဒဏ်အဖြစ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်ဆောင်း၍ အိန္ဒိယမှ တင်ပို့သည့် ကုန်စည်များအပေါ် သွင်းကုန်အခွန်ကို ၅၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ချိန်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်ကိုယ်စားလှယ်များသည် နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်တစ်ရပ် ချမှတ် နိုင်ရေး ညှိနှိုင်းလျက်ရှိပြီး ၎င်း၏ ပထမအပိုင်းကို ဆောင်းဦးရာသီကာလတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်။ လက်ရှိအချိန်အထိ ဆွေးနွေးပွဲပေါင်း ငါးကြိမ် ပြုလုပ်ထားရှိခဲ့ပြီး ဩဂုတ် ၂၅ မှ ၂၉ ရက်အတွင်း ကျင်းပရန် စီစဉ်ထားခဲ့သော ဆဋ္ဌမအကျော့ ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

Source: Economic Times, 27 Sept 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)