Main menu

ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအပေါ် မှတ်ပုံတင်ကြေး တစ်တန်လျှင် ရှစ်ရူပီးနှုန်း အိန္ဒိယ အစိုးရ စည်းကြပ်မည်

Powered by Drupal

          ပြည်ပသို့ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့ရာတွင် ကုန်အရောင်းစာချုပ်များကို မဖြစ်မနေ မှတ်ပုံတင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ဆန်မျိုးများကို အိန္ဒိယ၏ ထုတ်ကုန် အမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဆန်ပို့ကုန် တစ်တန်လျှင် ၈ ရူပီးနှုန်းဖြင့် မှတ်ပုံတင်ကြေး စည်းကြပ်ကောက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

          လက်ရှိကာလတွင် ဘာစမာတီမဟုတ်သော ဆန်မျိုးကွဲများစွာကို ကုန်အမှတ်တံဆိပ် မပါပဲ ဝမ်းပုံစနစ်ဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများ၌ တင်သွင်းသူများက ပြန်လည်ထုပ်ပိုး၍ လက်လီ ရောင်းချလျက်ရှိရာ အိန္ဒိယဆန်မျိုးများမှာ ကိုယ်ပိုင်အမှတ်လက္ခဏာ ဆုံးရှုံးလျက်ရှိသည်။

          မကြာသေးမီက မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံမှုကို ကြုံတွေ့ခဲ့ရသော ဘာစမာတီဆန် တင်ပို့သည့် လုပ်ငန်းနယ်ပယ်နှင့် ကွဲပြားခြားနားလျက် ဘာစမာတီမဟုတ်သောဆန်များ တင်ပို့မှု ပြုသည့် ပို့ကုန်လုပ်ငန်းရှင် အသင်းအဖွဲ့ ၃ ခုလုံးက အစိုးရ၏ ယခုကဲ့သို့လုပ်ဆောင်ချက်အပေါ် ထောက်ခံအားပေးခဲ့ကြပြီး သိသာထင်ရှားသော အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့် လျက်ရှိကြသည်။

          ချတ္တီဂါပြည်နယ်ရှိ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (TREACG) မှ ဥက္ကဋ္ဌ Mukesh Jain က လုပ်ငန်းနယ်ပယ်ရှိ သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုအဆင့်တွင် အဆိုပါ ဆုံးဖြတ်ချက် ကို တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အရောင်းစာချုပ်များ မှတ်ပုံတင်ရမည့် အစီ အစဉ်ကို စက်တင်ဘာ ၂၄ ရက်၌ ထုတ်ပြန်ကြေညာခြင်းမပြုမီ ဘာစမာတီမဟုတ်သောဆန်များ တင်ပို့သည့် ကုန်သည်အသင်း ၃ ခုလုံးက ထောက်ခံခဲ့ကြကြောင်း ပြောဆိုခဲ့သည်။

          မကြာသေးမီက လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဘာစမာတီဆန် အရောင်းစာချုပ်များ မှတ်ပုံတင် ကြေးကို ဆန်တစ်တန်လျှင် ရူပီး ၃၀ နှုန်း ကောက်ခံရာမှ ရူပီး ၇၀ နှုန်းသို့ မြှင့်တင်ခဲ့သည်။ ထိုကဲ့သို့ နှုန်းထားမြင့်မားစွာ တိုးမြှင့်ခြင်းအပေါ် ၎င်းတို့အနေဖြင့် သီးသန့်တောင်းဆိုပိုင်ခွင့်ရှိကြောင်း ဖော် ပြလျက် ဟာရီယာနာပြည်နယ်အခြေစိုက် ဆန်တင်ပို့သူများက ကန့်ကွက်ခဲ့ကြသည်။ သို့သော် မူလက ဆန်တစ်တန်လျှင် ရူပီး ၁၀၀ နှုန်းအထိတိုးမြှင့်ရန် အဆိုပြုခဲ့သည့် ယခုကဲ့သို့ မှတ်ပုံတင် ကြေး တိုးမြှင့်မှုအပေါ် မည်သည့် ဘာစမာတီဆန်တင်ပို့သူကမျှ သီးသန့်အခွင့်အ‌ရေး တောင်းဆို ခြင်း မရှိကြောင်း တရားဝင်သတင်းအမြစ်များက ပြောဆိုထားကြသည်။

          ဘာစမာတီဆန် လုပ်ငန်းနယ်ပယ်၌ စာချုပ်မှတ်ပုံတင်ခြင်းကို ကာလကြာမြင့်စွာကပင် လုပ်ဆောင်လာခဲ့ခြင်းဖြစ်၍ ယခုကဲ့သို့ လုပ်ဆောင်မှုသည် APEDA အာဏာပိုင်အဖွဲ့အတွက် ဘာစမာတီမဟုတ်သောဆန်နှင့်ပတ်သက်သည့် အချို့သော အချက်အလက်များကို ရရှိစေနိုင်မည် ဖြစ်ကြောင်း၊ APEDA သည် စာချုပ်မှတ်ပုံတင်လုပ်ငန်းမှတစ်ဆင့် မည်သည့် ဝယ်လက်နိုင်ငံများသို့ ကုန်စည်မည်မျှ ထွက်ရှိသည်ကို ခြေရာခံနိုင်မည်ဖြစ်ကြောင်း၊ ပေးပို့တင်ပြလာသည့် ကုန်အရောင်း စာချုပ်များကို အလွန်လျင်မြန်စွာ အတည်ပြုပေးနိုင်သည်နှင့်အမျှ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုအတွက် ယခုစနစ်သည် ကောင်းမွန်မှုရှိကြောင်း၊ ၎င်းအာဏာပိုင်အဖွဲ့ အနေဖြင့် ကောက်ခံ ရရှိသော မှတ်ပုံတင်ကြေးငွေများကို ဘာစမာတီမဟုတ်သောဆန် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ် ဆောင်ရာ၌ အသုံးပြုရန် ရည်ရွယ်ထားသဖြင့် ယခုလုပ်ဆောင်ချက်မှာ ကြိုဆိုရမည့် အဆင့် တစ်ရပ်ပင်ဖြစ်ကြောင်း စသည်ဖြင့် ဆန်တင်ပို့သူများအသင်း (TREA) ၏ ဥက္ကဋ္ဌ BV Krishna Rao က ပြောကြားခဲ့သည်။

          အိန္ဒိယ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (IREF) ၏ ဥက္ကဋ္ဌ Prem Garg ကလည်း ဘာစမာတီမဟုတ်သောဆန် အရောင်းစာချုပ်များ မှတ်ပုံတင်ရန် အစပြုဆောင်ရွက်ချက်သည် တိုးတက်မှု အဆင့်တစ်ရပ်ဖြစ်ပြီး ကြိုဆိုလက်ခံရမည်ဖြစ်ကြောင်း၊ APEDA ၏ ယခုစနစ်ကို အကောင်အထည်ဖော်ဆောင်မှုနှင့်အတူ ပို့ကုန်လုပ်ငန်းရှင်များသည် တစ်တန်လျှင် ၈ ရူပီးနှုန်း ပေးဆောင်လျက် အင်တာနက်ကွန်ရက်မှတစ်ဆင့် မှတ်ပုံတင်လက်မှတ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းနှုန်းထားသည် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပဲ ကမ္ဘာ့ဈေးကွက်၌ အိန္ဒိယဆန်များဝင်ရောက်မှုကို မြှင့်တင်ရာတွင် သုံးစွဲမည့် ဆန်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေသို့ ထည့်ဝင်မှုဖြစ်စေမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

          Mr. Garg ၏ အဆိုအရ ၎င်းစနစ်သည် အမှန်တကယ်တင်ပို့သော ဆန်ပမာဏကို ထိန်းချုပ် မှုနှင့် စောင့်ကြည့်ကြပ်မတ်မှုတွင် ပိုမိုကောင်းမွန်အောင် အထောက်အပံ့ပြုမည်ဖြစ်ပြီး ဘက်စုံ လွှမ်းခြုံမှုရှိသည့် ပို့ကုန်ဈေးကွက်ဆိုင်ရာ အချက်အလက်စနစ်ကိုလည်း ဖန်တီးပေးစွမ်းနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ပွင့်လင်းမြင်သာမှုရှိခြင်းက အိန္ဒိယ၏ ဆန်ကုန်သွယ်မှုအပေါ် ယုံကြည်လက်ခံ နိုင်စွမ်းကို ကောင်းမွန်စေသည့်အပြင် မူဝါဒချမှတ်ဆောင်ရွက်ရာတွင်လည်း ခိုင်မာသည့် အခြေခံ အချက်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆန်ကုန်သွယ်ရောင်းဝယ်ရာတွင် ရောင်းသူ သို့မဟုတ် ဝယ်သူဘက်မှ လုပ်ဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းတို့ ဖြစ်ပေါ်ပါက ဖြေရှင်းပေး နိုင်ရေးအတွက် သက်ဆိုင်သူများအနေဖြင့် မှတ်ပုံတင်ထားသည့် မှတ်တမ်းမှတ်ရာများနှင့်အတူ IREF အသင်းသို့ ချဉ်းကပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ပို့ကုန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်အတွက် ထိုကဲ့သို့သော အမှုကိစ္စများ ပေါ်ပေါက်လာပါက IREF သည် APEDA အာဏာပိုင်အဖွဲ့နှင့်အတူ ဖြေရှင်းဆောင်ရွက်မည်ဖြစ်သည်။

          IREF အသင်းချုပ်၏ တောင်းဆိုမှုအရ ညွှန်ကြားချက်အပေါ် လိုက်နာဆောင်ရွက်မှု လွယ် ကူချောမွေ့စေရေးနှင့် ပိုမိုကျယ်ပြန့်စွာ ပါဝင်လုပ်ဆောင်လာစေရေးအတွက် APEDA အာဏာပိုင် အဖွဲ့သည် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အသစ်နှင့် စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်များကို လမ်းညွှန် ပြသပေးမည့် အသိပညာပေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 25 Sept 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)