Main menu

ထုတ်လုပ်မှုနှင့် တင်ပို့မှု ကွာဟချက်အရ မလေးရှား၏ စားအုန်းဆီလက်ကျန် ကျဆင်းဖွယ်ရှိ

Powered by Drupal

          ရာသီအလိုက် စားအုန်းဆီထုတ်လုပ်မှု နှေးကွေးကျဆင်းခြင်းသည် ပွဲတော်ရာသီကာလ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် တင်ပို့မှုများ မြင့်တက်လာချိန်နှင့် တိုက်ဆိုင်နေမှုအရ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်များသည် လာမည့်လများအတွင်း ကျဆင်းလျက် နှစ်ကုန် ဆုံးချိန်၌ လက်ကျန်တန်ချိန် ၁.၇ သန်း ဝန်းကျင်ခန့်ရှိမည်ဟု စားအုန်းဆီ ကြီးကြပ်မှု အာဏာပိုင်က ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖော်ပြ ပါသည်။

          အင်ဒိုနီးရှား၏နောက်၌ ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံ တွင် ဆီလက်ကျန်ပမာဏများ ကျဆင်းဖွယ်ရှိခြင်းက မကြာသေးမီကာလအတွင်း ပြိုင်ဘက် ပဲပုပ်ဆီများ၏ စျေးနှုန်းသက်သာဖြင့် ပေးသွင်းနိုင်မှုကြောင့် ဖိအားများအောက်၌ ရှိနေခဲ့သော စားအုန်းဆီ၏ စံပြုကြိုပွိုင့်ဈေးနှုန်းများကို ခိုင်မာအောင် ပံ့ပိုးပေးနိုင်ခြေရှိသည်။

          စားအုန်းဆီ ထုတ်လုပ်မှုသည် တဖြည်းဖြည်းကျဆင်းလျက်ရှိပြီး ပွဲတော်ရာသီ ဝယ်လိုအား ကြောင့် လာမည့်လများတွင် တင်ပို့မှုတိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) မှ ညွှန်ကြားရေးမှူးချုပ် Mr. Ahmad Parveez Ghulam Kadir က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

          မလေးရှား၏ စားအုန်းဆီ ထုတ်လုပ်မှုသည် ပုံမှန်အားဖြင့် စက်တင်ဘာလ၌ အားကောင်း ပြီးနောက် နှစ်ကုန်ဆုံးချိန်တိုင်အောင် တဖြည်းဖြည်း ကျဆင်းသွားလေ့ရှိသည်။ စားအုန်းဆီ လပိတ် လက်ကျန်ပမာဏသည် သြဂုတ်လတွင် ၄.၁၈ ရာခိုင်နှုန်း မြင့်တက်လျက် တန်ချိန် ၂.၂ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အမြင့်ဆုံးလက်ကျန်ပမာဏဖြစ်ကြောင်း MPOB ၏ အချက်အလက်များအရ သိရသည်။

          မကြာသေးမီ ရက်သတ္တပတ်များအတွင်း၌ ပဲပုပ်ဆီဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့ရာ စားအုန်းဆီကို ဈေးနှုန်းပိုမိုမြင့်မားမှု ဖြစ်စေပြီး ဖိအားများအောက်တွင် ရောက်ရှိနေစေခဲ့သည်။ ယင်းအခြေအနေက စားအုန်းဆီ ထိပ်တန်းဝယ်ယူတင်သွင်းသည့် အိန္ဒိယနိုင်ငံ အနေဖြင့် ရှေ့လာ မည့် လများအတွက် ပဲပုပ်ဆီ တိုးမြှင့်ဝယ်ယူမှုကို တွန်းအားပေးခဲ့သည်။

          သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ ရောင်းလိုအားသည် မသေချာ မရေရာသည့် အခြေအနေများ ရှိနေခြင်းကြောင့် စားအုန်းဆီဈေးနှုန်းသည် လာမည့်လများတွင် ဆက်လက် တည်ငြိမ်နိုင်ဖွယ်ရှိသည်ဟု Mr. Kadir က ပြောကြားသည်။ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောစပ် အသုံးပြုမည့် ဇီဝဒီဇယ်အစီအစဉ် (B50) အား အကောင်အထည်ဖော်မှုနှင့် ဆီအုန်းစိုက်ခင်းများကို အစိုးရက သိမ်းယူခြင်းတို့သည် အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုအပေါ် ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

          အင်ဒိုနီးရှားအစိုးရသည် လက်ရှိကာလ၌ ဇီဝဒီဇယ်ထုတ်လုပ်မှုတွင် စားအုန်းဆီ ၄၀ ရာခိုင် နှုန်း ပါဝင်ရောစပ်သုံးစွဲရန် ပြဋ္ဌာန်းထားပြီး လာမည့်နှစ်မှ စတင်၍ ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင် ဆောင်ရွက်ရန် စီစဉ်နေသည်။ ထို့အပြင် ဆီအုန်းစိုက်ခင်း ၆၇၄၁၇၈ ဟက်တာ (ဧက ၁.၇ သန်း) ကို နိုင်ငံပိုင် ဆီအုန်းလုပ်ငန်းကုမ္ပဏီဖြစ်သော Agrinas Palma Nusantara ထံ ယခုလ အစောပိုင်း ၌ လွှဲပြောင်းပေးအပ်ခဲ့ရာ ၎င်းထံသို့ လုပ်ကိုင်ခွင့်ပေးအပ်ခဲ့သော ဧရိယာ စုစုပေါင်းမှာ ဟက်တာ ၁.၅ သန်း (ဧက ၃.၇ သန်း) ရှိပြီကြောင်း သိရှိရပါသည်။

          မလေးရှားတွင် ဆီအုန်းပင် ပြန်လည်စိုက်ပျိုးခြင်းသည် နှေးကွေးလျက်ရှိရာ အဆိုပါ ကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် ယခုနှစ်၌ ရင်းဂစ် သန်း ၁၀၀ ခွဲဝေသုံးစွဲရာမှ ၂၀၂၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ရင်းဂစ် ၂၈၀ သန်းအထိ တိုးမြှင့်ခွဲဝေသုံးစွဲရန် MPOB ကတိုက်တွန်းထားသည်ဟု Mr. Kadir ကပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 29th Sep 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)