
အိန္ဒိယနိုင်ငံ၌ ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းဖြင့် ပဲမျိုးစုံ ဖူလုံမှုရရှိရေး အထူးလုပ်ငန်းတာဝန် (Mission for Aatmanirbharta in Pulses) ကို ချမှတ်ထားရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပဲမျိုးစုံ ထုတ်လုပ်မှုမြှင့်တင်ရေး ရည်မှန်းချက်အောင်မြင်မှု ရရှိနိုင်ရန်အတွက် ရူပီးငွေ ၁၁၄.၄၀ ဘီလီယံကို ကျခံသုံးစွဲရန် အတည်ပြုခဲ့ကြောင်း သိရှိရသည်။
သုတေသနလုပ်ငန်းများ၊ မျိုးစေ့ဖွံ့ဖြိုးမှုစနစ်များ၊ စိုက်ပျိုးဧရိယာတိုးချဲ့မှုများ၊ ဝယ်ယူရေး နှင့် ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများအပါအဝင် ဘက်စုံလွှမ်းခြုံမှုရှိသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ကျင့်သုံးမှုပြုသည့် အထူးလုပ်ငန်းတာဝန်ကို ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ ၆ နှစ်တာ ကာလအတွင်း အောင်မြင်မှုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု အစိုးရ က ကြေညာချက် ထုတ်ပြန်ထားသည်။
အဆိုပါ အထူးလုပ်ငန်းတာဝန်တွင် စပါးစိုက်ပျိုးမှုမရှိသော ပလပ်မြေများနှင့် အခြားချဲ့ထွင် နိုင်မည့် မြေနေရာများတွင် ပဲမျိုးစုံ စိုက်ဧရိယာကို နောက်ထပ် ဟက်တာ ၃.၅ သန်း တိုးချဲ့စိုက်ပျိုး ရန် ရည်မှန်းထားပြီး သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးနှံမျိုးစုံ ဖြန့်ကျက်စိုက်ပျိုးခြင်းများ ပါဝင်မည်ဖြစ် ကြောင်း သိရှိရသည်။ ထိုသို့ တိုးချဲ့စိုက်ပျိုးရန်အတွက် အစိုးရသည် သီးနှံမျိုးစေ့အိတ်ပေါင်း ၈.၈ သန်းကို တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ပဲမျိုးစုံဖူလုံရေး အထူးလုပ်ငန်းတာဝန်၏ အဓိကလက္ခဏာရပ်မှာ အစိုးရ၏ ဈေးနှုန်းအရ အထောက်အပံ့ ပေးအပ်ရေး အစီအစဉ် (PM-AASHA) တွင် ပါဝင်လျက်ရှိသော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို ဝယ်ယူရေးလုပ်ဆောင်မှု အမြင့်မားဆုံးဖြစ်စေရန်ပင် ဖြစ်သည်။ အိန္ဒိယအစိုးရသည် ၎င်းအထောက်အပံ့ပေးအပ်မှု အစီအစဉ်၌ သုံးစွဲမည့်ငွေပမာဏကိုလည်း ရူပီး ၄၅၀ ဘီလီယံမှ ရူပီး ၆၀၀ ဘီလီယံသို့ မြှင့်တင်ခဲ့ကြောင်း သိရှိရသည်။
Source: Informist Media, 1 October 2025
(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)