
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊ မြောင်းမြမြို့နယ်သည် မြစ်ဝကျွန်းပေါ် ဒေသဖြစ်ပြီး ရေမြေ သဘာဝအရ ဆန်စပါးအပြင် ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ မြေပဲသီးနှံမှာ အဓိကစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြောင်းမြ မြို့နယ်တွင် သြဂုတ်လကုန်အထိ မိုးမြေပဲ စိုက်ဧက (၄၅၀)ဧကခန့် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ မြေပဲစိုက်ခင်းများကို မိုးကောင်းချိန် ဖြစ်သည့် ဇွန်လလယ်မှ ဇူလိုင်လဆန်းအတွင်း အဓိကစိုက်ပျိုးကြပြီး ဘောင်ကြောင်း ပေးစနစ်ဖြင့် အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရပါသည်။
မျိုးအနေဖြင့် ဒေသအလိုက် ကွဲပြားမှုရှိသော်လည်း ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုး လေ့ရှိပြီး (၁)ဧက စိုက်ပျိုးရန် မြေပဲအဆံ (၂၂)ပြည်မှ (၂၅)ပြည်ခန့် လိုအပ်ကြောင်း သိရ ပါသည်။ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ လုပ်သားခ စုစုပေါင်း တစ်ဧက ကျပ် (၅၀၀,၀၀၀) မှ (၆၀၀,၀၀၀) ခန့် ကုန်ကျနိုင်ကြောင်း တောင်သူများထံမှ သိရှိရပါသည်။
ယခုရာသီတွင် မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် မြေပဲခင်းများ သန်စွမ်းကာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်များက အထွက်နှုန်းမှာ တစ်ဧက မြေပဲတောင့် (၃၅)တင်းမှ (၄၅)တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရပါသည်။ လက်ရှိဈေးကွက်အခြေအနေအရ မြေပဲတောင့် (၁)ပိဿာလျှင် ကျပ် (၆,၅၀၀) မှ (၇,၂၀၀) အထိ၊ မြေပဲဆံ (၁)ပိဿာလျှင် ကျပ် (၉,၅၀၀) မှ (၁၀,၅၀၀) အထိ၊ မြေပဲဆီ (၁)ပိဿာလျှင် ကျပ် (၁၄,၅၀၀) မှ (၁၅,၅၀၀) အထိ ရောင်းဝယ်လျက်ရှိကြောင်း မြောင်းမြဈေးနှုန်းများအရ သိရှိရပါသည်။
မြေပဲသီးနှံပေါ်ချိန်တွင် တောင်သူများသည် မိမိတို့ ထွက်ကုန်များကို ဒေသအတွင်းရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ထိုမှတစ်ဆင့် ပြည်တွင်းဈေးကွက်ဖြစ်သော ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ မြေပဲသီးနှံသည် ဒေသအတွက် အဓိကဝင်ငွေရရှိသော ကုန်ထုတ်လုပ်မှုတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါသည်။
DOCA(ဧရာဝတီ)