
မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိ၍ ဥယျဥ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ဓါးကျွန်းကျေးရွာ၊ တလုပ်ကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် မိသားစု တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုသော တရုတ် နံနံများ စိုက် ပျိုးထားကြောင်းသိရှိရသည်။ စိုက်ခင်းများမှထွက်ရှိသော တရုတ်နံနံများကို အေးမြ သီတာဈေးသို့ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင် ဘာလ ဒုတိယပတ် တွင်ရောင်းချနေသော တရုတ်နံနံလက်လီတစ်စည်းလျှင် (၃၀၀)ကျပ်၊ ၁၀ ကျပ်သား လျှင် (၇၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၆၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဩဂုတ်လဒုတိယပတ်တွင် ရောင်းချနေသော တရုတ်နံနံလက်လီ တစ်စည်းလျှင် (၅၀၀) ကျပ်၊ ၁၀ ကျပ်သားလျှင် (၈၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၅၀၀)ကျပ် ခန့်ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လ ထက် ယခုလတွင် တရုတ်နံနံလက်လီတစ်စည်းလျှင် (၂၀၀) ကျပ်၊ ၁၀ ကျပ်သားလျှင် (၁၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလ ဖြစ်သောကြောင့် တရုတ်နံနံရွက် များပေါများစွာထွက်ပေါ်ချိန်ဖြစ်သောကြောင်း ဈေးနှုန်းကျဆင်း ခြင်းဖြစ်ကြောင်း၊ ဟင်းခက်အမွှေး အကြိုင်ဖြစ်သောကြောင့်စားသုံးမှုများပြီး စားသောက်ဆိုင်များမှ ဝယ်ယူမှုများပြား ကြောင်း တောင်သူ၏ပြောပြချက်အရသိရှိရသည်။ ကျန်းမာရေးအကျိုးအကျေးဇူး အနေဖြင့် တရုတ်နံနံကို စားသုံးခြင်းဖြင့် သွေးတိုးကျခြင်း၊ ခေါင်းကိုက်သက်သာခြင်း၊ စိတ်လှုပ်ရှားမှု ကိုလျော့ချပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိရသည်။
DOCA(မန္တလေး)