Main menu

သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် မိုးမြေပဲတို့ပေါ်ပြီ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၂ ခုနှစ် မိုးသီးနှံ ဖြစ်သောမြေပဲ စိုက်ဧက ၂၃၉၁ ဧက စိုက်ပျိုးထားလျက်ရှိရာ လက်ပံတန်းမြို့နယ်အနေဖြင့် မြေပဲစိုက် ဧက ၃၆၄ ဧက စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးစာရင်းအရ သိရှိရပါသည်။ မိုးမြေပဲ စိုက်ပျိုး ထားရှိသော နေရာများမှာ ပဲခူးရိုးမ တောင်ခြေအနီးတွင်ရှိသော တောင်ယာမြေများ၊ ချောက်ကမ်းပါး များနှင့် နီးသောကျေးရွာများရှိ သောင်ခုံများတွင် မိုးမြေပဲများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          တောင်ယာမြေများနှင့် သောင်ခုံများတွင် မိုးမြေပဲ၊ ဆောင်းမြေပဲအဖြစ် တစ်နှစ်လျှင် နှစ်ကြိမ်ခန့်  စိုက်ပျိုးနိုင်ကြောင်း မြေပဲစိုက်တောင်သူထံမှ သိရပါသည်။ ဆောင်းမြေပဲများကိုတော့ တောင်ယာမြေ၊ လယ်ယာမြေအချို့နှင့် ချောင်းကမ်းပါးဘေး သောင်ခုံများတွင် စိုက်ပျိုးကြပါသည်။ မိုးမြေပဲများကို တောင်ယာမြေများတွင် စိုက်ပျိုးမည်ဆိုပါက မိုးမကျမီ တောင်ယာများကို ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ပြီး မှသာ ထွန်ယက် စိုက်ပျိုးကြကြောင်း သိရပါသည်။

          တောင်ယာများတွင် စိုက်ပျိုးကြသော မြေပဲစိုက်တောင်သူများမှာ တစ်ဦးလျှင် မြေပဲစိုက်ပျိုးမှု နှုန်းမှာ ဧကဝက်မှ တစ်ဧကအထက် စိုက်ပျိုးသူများရှိကြသဖြင့် စားသုံးဆီ သုံးစွဲရန်အတွက် သာမက ပိုလျှံ၍ ရောင်းချနိုင်ပါသည်။ သောင်ခုံများတွင်စိုက်ပျိုးကြသူများမှာ ချောင်းနှင့်နီးသောရွာများတွင်သာ စိုက်ပျိုးနိုင်ပါသည်။ ထိုသောင်ခုံမြေများသည် မိသားစုပိုင်မြေအဖြစ် သတ်မှတ်ထားသော မြေများ ဖြစ်ကြ၍ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ စားသုံးဆီဖူလုံနေကြသူများဖြစ်ပါသည်။

          သောင်ခုံများတွင် စိုက်ပျိုးမည်ဆိုပါက ပေါင်းသတ်‌ဆေးဖျန်း၍  စိုက်ခင်းမြေကိုပြုပြင်ပြီး စိုက်ပျိုး ကြရပါသည်။ မိုးမြေပဲစိုက်ပျိုးရန် မျိုးပဲတစ်တင်းလျှင် ၁၅၀၀၀/ကျပ်ဖြင့် တစ်ဧကလျှင် ၆တင်းနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြရပါသည်။ ပေါင်းသတ်ဆေး (ဂလိုင်ဖောက်) တစ်ဗူးလျှင် ၆၅၀၀၀/ ကျပ်၊ ဆေးဖျန်း၊ ပေါင်းခုတ်ဌားရမ်းခ တစ်ဦးလျှင် ၅၀၀၀/ကျပ် ဖြင့် နှစ်ဦးဌားရမ်းရပါသည်။ မြေပဲစိုက်ပျိုးရန် လုပ်သားခ တစ်ဦးလျှင် ၃၀၀၀ ကျပ်ဖြင့် ၄ဦး ဌားရမ်းရပါသည်။ မြေပဲနှုတ်ခလုပ်သားခ တစ်တင်းလျှင် ၃၀၀၀ကျပ် ဖြင့် ၅၅တင်းနှုန်း ပျမ်းမျှထွက်ရှိသဖြင့် ၁၆၅၀၀၀/ကျပ် ကုန်ကျပါသည်။ ဝင်ငွေအနေဖြင့် တစ်ဧက ဝင်ငွေမှာ တစ်ဆယ့်ငါးသိန်းခန့် ရရှိနိုင်ပါသည်။ တစ်ဧကဝင်ငွေမှာ တစ်ဆယ့်နှစ်သိန်းခန့် အမြတ်အစွန်း ရရှိပါသဖြင့် ယခုနှစ် မိုးမြေပဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)