
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အိမ်ထောင်စုအလိုက် ဆီထုတ် စာအုပ်စနစ်ဖြင့် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အိမ်ထောင်စုတစ်ခု လျှင် ဆီရရှိမှုပမာဏများအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်းကိုယ်စားလှယ်၊ စားအုန်းဆီဖြန့်ဖြူး ရောင်းချသော Wilmar Myanmar ကုမ္ပဏီ၊ Lann Lann Sann Sann ကုမ္ပဏီမှကိုယ်စားလှယ် နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ တွင် နေထိုင်သောအိမ်ထောင်စုအလိုက် ဆီထုတ်စာအုပ်စနစ်ဖြင့် စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ၊ အိမ်ထောင်စုတစ်ခုလျှင် ရောင်းချသော ဆီ ပမာဏများအား မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုများအား စစ်ဆေးရာတွင် ခရမ်းမြို့နယ်၏ ဆီခွဲ တမ်းရရှိမှုပေါ်တွင် လက်လီ/လက်ကားဆီရောင်းချကိုယ်စားလှယ်များမှ အိမ်ထောင်စုအလိုက် ဆီထုတ်စာအုပ်စနစ်ဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ပုံမှန်ရောင်းချလျှက်ရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)