
ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ Wifi Internet လုပ်ငန်းများ အဆင်ပြေ ချောမွေ့မှုရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆)ရှိ Yatanarpon Teleport Wifi လုပ်ငန်းနှင့် ရပ်ကွက်ကြီး (၃)ရှိ Mahar Net Wifi လုပ်ငန်းများအား တွေ့ဆုံပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍာနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် Internet ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေး ကဏ္ဍာစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် သိသင့်သိထိုက်သည့် အချက် အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ နည်းပညာခေတ်တွင် Wifi Internet သည် ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပါဝင်နေပြီး အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်း၊ စားသုံးသူများ၏ နေ့စဉ်လူမှု့ဘဝအဆင်ပြေချောမွေ့စေရေး၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများသို့ အကြိမ်ကြိမ်ပြောဆိုသော်လည်း စားသုံးသူ၏ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများမှ ပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍လိုအပ်သော သတင်း အချက်အလက်ပြည့်စုံ မှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေးများ ပြည့်ဝစွာရရှိစေရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)