
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ပါရှိသည်။ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်တို့တွင် ဆီထွက်သီးနှံမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိသည်။ ယခုအချိန်တွင် မြေပဲ (အသစ်) များ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရိုင်အတွင်း၌ မြေပဲ သီးနှံ(အသစ်)ထွက်ပေါ်ခြင်း မရှိသေးသော်လည်း အခြားမြို့နယ်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာ များမှ ထွက်ရှိသော(မိုး)ပင်ပြန့်မြေပဲအတောင့်အဆံများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှလည်း မြေပဲဆီသန့်ထုတ်လုပ်ရန် ကုန်ကြမ်းမြေပဲတောင့်များကိုစတင် သိုလှောင် ထားရှိကြောင်း၊ ပြည်တွင်းဖြစ် မြေပဲဆီသန့် စားသုံးမှုမြင့်မားလျက်ရှိ၍ ဈေးကွက်သို့ ဝင်ရောက် လာသော မြေပဲအတောင့်နှင့်အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲတောင့်နှင့်အဆံမှာ အရည် အသွေးနှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေးအနိမ့်၊ အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသောမြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၄၅၀၀ - ၄၀၀၀ - ၂၅၀၀)၊ မြေပဲတောင့် (အစို)တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၃၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် (၈၂၀၀-၈၁၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ လျှင် ကျပ်(၈၀၀၀-၇၈၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ် (၇၆၀၀-၇၅၀၀)၊ ဆုံမြေပဲ ဖတ်(အခွေ) တစ်ပိဿာလျှင် ကျပ်(၄၂၀၀-၄၁၅၀)၊ စက်ပဲဖတ် တစ်ပိဿာ လျှင် ကျပ်(၅၆၀၀-၅၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်စက်တင်ဘာလ (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိဿာလျှင် ကျပ်(၄၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀) ခန့် ဈေးအနည်းငယ်ပြန်လည်မြင့်တက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ဈေးကွက်၌ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၅၀၀-၁၇၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ မြေပဲဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေး ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်တွင်း မြေပဲဆီစားသုံးမှု မြင့်မားလျက်ရှိ၍ ဆီစက် လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းခြင်းကြောင့် ပခုက္ကူမြေပဲဈေးကွက် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။
DOCA(မကွေး)