Main menu

ပုသိမ်မြို့၏ နာမည်ကျော် တာကိုင်းပုစွန်ချဉ် ဈေးကွက်အခြေအနေ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး ပုစွန်အပါအဝင် ရေထွက်ပစ္စည်းများ အလွန်ပေါကြွယ်ဝသော ဒေသဖြစ်သည်။ ဤသဘာဝအရင်းအမြစ်ကို အခြေခံ၍ ပုသိမ်မြို့သည် "တာကိုင်းပုစွန်ချဉ်" ဟူသော ဒေသတွင်းထင်ရှားသည့် ထုတ်ကုန်တစ်ခုကို မွေးထုတ်နိုင်ခဲ့ပြီး ယခုအခါ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပသို့ပါ တင်ပို့နိုင်သည်အထိ နာမည်ကျော်ကြားလာကြောင်း သိရသည်။

          ပုသိမ်မြို့နယ်၊ တာကိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသည် ပုစွန်ချဉ်လုပ်ငန်း၏ ဗဟိုချက်မဖြစ်သည်။ ကျေးရွာအသီးသီးရှိ အိမ်တွင်းမှသည် စက်ရုံအလတ်စားအထိ လုပ်ငန်းပေါင်း အနည်းဆုံး ၂၀ မှ ၃၀ ခန့် အထိ စနစ်တကျ လည်ပတ်လျက်ရှိကြောင်း သိရသည်။ ဤလုပ်ငန်းများသည် မိသားစုဝင်များဖြင့် စတင်လုပ်ကိုင်ကြပြီး ဈေးကွက်တိုးချဲ့လာသည်နှင့်အမျှ လုပ်သားငှားကာ စီးပွားဖြစ် ထုတ်လုပ်လာကြောင်း သိရသည်။

          တာကိုင်းပုစွန်ချဉ်အတွက် အဓိကအသုံးပြုသည်မှာ ပုစွန်ကျော့ (သို့) ပုစွန်ကလေးများဖြစ်ပြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ သဘာဝအလျောက်ဖမ်းဆီးရရှိသော ပုစွန်များကို အဓိကထား အသုံးပြုသည်။ ပုစွန်များကို ဒေသခံငါးဖမ်းသမားများထံမှ တိုက်ရိုက်ဝယ်ယူပြီး လတ်ဆတ်မှုကို အလေးထားကြောင်း သိရသည်။

          တာကိုင်းပုစွန်ချဉ်၏ ထူးခြားကောင်းမွန်မှုရခြင်းမှာ ပြုလုပ်သည့် နည်းစဉ်နှင့် သန့်ရှင်းမှုတို့ကြောင့်ဖြစ်သည်။ ပြုလုပ်နည်းမှာ ၁.ရှေးဦးစွာ ပုစွန်ကလေးများကို သေချာစွာ ဆေးကြော သန့်စင်ခြင်း၊ ၂. သန့်ရှင်းသော အိုးကြီးများ (သို့) ဒယ်အိုးကြီးများ ထဲသို့ ပုစွန်၊ ဆား၊ ထမင်းဆန်မှုန့် (သို့) ဆန်ဆေးရည်တို့ကို အတိုင်းအတာ မှန်ကန်စွာ ရောနှောထည့်သွင်းခြင်း ၊ ၃. အချဉ်ပေါက်ချိန်ကို ရာသီဥတုအလိုက် ၃ ရက်မှ ၇ ရက်အထိ အတိအကျ ထိန်းသိမ်းထားခြင်း ၊ ၄. ထုပ်ပိုးရာတွင် ရေစိုခံနိုင်ပြီး လေလုံသော ပလပ်စတစ်အိတ်များ (သို့) ဖန်ပုလင်းများဖြင့် သန့်သန့်ရှင်းရှင်း ထုပ်ပိုးကြပြီး အမှတ်တံဆိပ်များ တပ်ဆင်ကာ ဖော့ဖောင်းအိတ်များဖြင့် ထပ်မံထုပ်ပိုးပြီး ပို့ဆောင်ကြကြောင်း သိရသည်။
          တာကိုင်းပုစွန်ချဉ်၏ ဈေးကွက်အနေဖြင့် ပုသိမ်မြို့အတွင်းရှိကျေးရွာဈေးများနှင့် အဓိကဈေးကြီးများတွင် အမြဲတမ်းဝယ်ယူရရှိနိုင်ခြင်း၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများသို့ အဓိက တင်ပို့ရောင်းချသည်။ ရန်ကုန်ရှိ ကုန်တိုက်ကြီးများတွင်ပင် ဝင်ရောက်ရောင်းချနေသည့်အပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား စသည့်နိုင်ငံများရှိ မြန်မာ့အစားအစာ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင် များသို့ ပုံမှန်တင်ပို့လျက်ရှိပါသည်။ ပြည်ပသို့ တင်ပို့သည့် ထုတ်ကုန်များသည် စံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ပိုမိုသန့်ရှင်းပြီး အရည်အသွေးမြင့်စွာ ထုပ်ပိုးထားကြောင်း သိရသည်။

          လုပ်ငန်းတစ်ခုအတွက် ကုန်ကျစရိတ်နှင့် အမြတ်အစွန်းမှာ ထုတ်လုပ်မှုပမာဏပေါ် မူတည်သော်လည်း ပုစွန်ချဉ်လုပ်ငန်းသည် အိမ်တွင်းမှစ၍ စီးပွားဖြစ် လုပ်ကိုင်နိုင်သည့် ဝင်ငွေကောင်းရှိသော လုပ်ငန်းဖြစ်သည်။ ပုစွန်ချဉ် ၁၀ ပိဿာထုတ်လုပ်ရန် ကုန်ကျစရိတ်အနေဖြင့် ကုန်ကြမ်းနှင့် အခြားစရိတ်များ စုစုပေါင်း ကျပ် ၇၀,၀၀၀ ခန့် ကုန်ကျပြီး၊ ရောင်းဈေး ၁၀ ကျပ်လျှင် ကျပ် ၂,၀၀၀ မှ ၂,၅၀၀ အထိ ရနိုင်ကာ ကျပ် ၁၃၀,၀၀၀ မှ ၁၈၀,၀၀၀ အထိ အမြတ်အစွန်း ရရှိနိုင်ကြောင်း ခန့်မှန်းရသည်။ ပြည်ပသို့တင်ပို့ပါက ပို၍အမြတ်အစွန်းများပြားကြောင်း သိရသည်။

          တာကိုင်းပုစွန်ချဉ်သည် ဧရာဝတီတိုင်း၏ ဂုဏ်ယူစရာ ဒေသထွက်ကုန်တစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်သည်။ အနာဂတ်တွင် ထုတ်လုပ်မှုစံချိန်စံညွှန်းများ ပိုမိုပြဋ္ဌာန်းခြင်း၊ ပြည်ပဈေးကွက်ကို ပုံမှန်နှင့် ပိုမိုတိုးချဲ့နိုင်ရန် ထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုကို ခေတ်မီတိုးတက်အောင် ပြုလုပ်ခြင်း၊ အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက်ရောင်းချခြင်းများ ပြုလုပ်နိုင်ပါက ဤထူးခြားသော မြန်မာ့အစားအစာသည် ကမ္ဘာ့ဈေးကွက်ထဲသို့ ပိုမိုခိုင်မာစွာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)