Main menu

ဈေးနှုန်း၊ ဈေးကွက် ကောင်းနေသော ဂန္ဓာမာပန်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးသီးနှံ စပါး၊ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှု အများဆုံးဖြစ်သော်လည်း မိသားစုဝင်ငွေ နေ့စဉ်ရရှိရေးအတွက် မိမိခြံမြေများတွင် ဂန္ဓာမာပန်း အမျိုးအစားမျိုးစုံအား စီးပွားဖြစ်အတွက်သော်လည်းကောင်း၊ နေ့စဉ် ဝင်ငွေအတွက်သော်လည်းကောင်း၊ နေရာဒေသများစွာတွင် စိုက်ပျိုးလာကြပါသည်။ ဟင်္သာတ မြို့နယ် ဒေသတွင်း စိုက်ပျိုးသောပန်းများကို ကာလ(၂)ပိုင်းခွဲခြား၍ စိုက်ပျိုးကြပါသည်။ မိုးရာသီပန်းကို ဇွန်လ ပထမပတ်တွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရောင်းချရန်အဆင့်သို့ ရောက်ရှိပြီး၊ ဆောင်း ရာသီပန်းကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး၊ မေလတွင် ခူးဆွတ်ရန် အဆင့်သို့ရောက်ရှိပါသည်။ ဟင်္သာတမြို့နယ်အတွင်း ပန်းစိုက်ဧက စုစုပေါင်း(၅၀၀)ဧကကျော်ရှိပါသည်။ မိုးရာသီပန်းအဖြစ် ဂန္ဒမာ ပန်းများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ဂန္ဓာမာပန်းပင် (၃၅၀၀၀ မှ ၄၀၀၀၀) အထိ စိုက်ပျိုးနိုင်ပါ သည်။ ပန်းမျိုးများကို ပြင်ဦးလွင်၊ တောင်ကြီး စသော မြို့ကြီးများမှ မှာယူစိုက်ပျိုးပြီး ပန်းမျိုးမှာ တစ်ပင်လျှင် (၁၈ ကျပ် မှ ၂၀ ကျပ်) ဝန်းကျင် ဈေးနှုန်းဖြင့် ဝယ်ယူရပါသည်။ ဂန္ဓမာပန်း စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ လုပ်သားခ၊ ဓါတ်မြေဩဇာ၊ ဆေးဖြန်းခြင်း၊ ပေါင်းနှုတ်ခြင်းအပါအဝင် တစ်ဧက ကုန်ကျစရိတ်   သိန်း ၇၀ ကျပ် ဝန်းကျင်အထိရှိပြီး အောက်တိုဘာလ ပထမပတ်မှစ၍ ခူးဆွတ်ရောင်းချရာတွင် ဂန္ဓာပန်း အပွင့်ကြီး တစ်ပွင့်လျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ဂန္ဓမာပန်းအပွင့်သေး တစ်ပွင့်လျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဖြင့် ရောင်းချရပါသည်။ ဈေးကွက်အနေဖြင့် မိမိဒေသ၊ မိမိခရိုင်အတွင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ရထား၊ ကားများဖြင့် လက်လီ၊ လက္ကား ရောင်းချလျက်ရှိပါသည်။ ပန်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ပန်းဈေးကောင်းခြင်းကြောင့်  အကျိုးအမြတ် တွက်ခြေကိုက်မှုရှိပြီး မိသားစုဝင်ငွေတိုးနေသော ဂန္ဓာပန်းစိုက်ပျိုးခြင်းအကြောင်း လေ့လာတင်ပြအပ်ပါသည်။

EYDNS (DOCA ဧရာဝတီ)