
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ပဲကြီးသီးနှံ ကိုလည်းစိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ပဲကြီးစိုက်ပျိုးမှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၁၄၉၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ယခုအချိန်တွင် အချို့ယာမြေများပေါ်တွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ၊ စိုက်ပျိုးရာတွင် ထွန်မွှေ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊(၁)ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊ရိတ်သိမ်း၊ချွေလှေ့၊အလုပ်သမားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင် ကုန်ကြကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် ပဲကြီးအခြောက်(၁၀-၁၂)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ဈေးနှုန်းအနေဖြင့် ပဲကြီးအခြောက်တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ် ၊ ပဲကြီးအစို(၁)ပြည်လျှင်(၂၅၀၀-၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ရိတ်သိမ်းပြီး ပဲကြီးအခြောက်များကို ဒေသတွင်းရှိ ပွဲရုံများကိုသာ ရောင်းချကြပြီး ပဲကြီးလှော် ၊ ပဲကြီးကြော် လုပ်ငန်းရှင်များမှလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀/-)ကျပ်ဝန်းကျင်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲကြီးပင်များကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပဲကြီးသီးနှံကို စိုက်ပျိုးသည်မှရိတ်သိမ်းပြီးသည်အထိ (၃)လမှ(၆)လကြာမြင့်ပါကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာ တွင် အဖူးအပွင့်များစတင်ဖူးပွင့်ကြောင်း ၊ (၄-၅)လ အကြာတွင် ပဲကြီးအစိုများ စတင်ခူးဆွတ်နိုင် မည်ဖြစ်ကြောင်း ၊ ယခုအချိန်တွင် ပဲကြီးများ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ပဲကြီးစျေးနှုန်း အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အောက်တိုဘာလဒုတိယပတ်တွင်တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေပြီးယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းများမြင့်တက်လာကြောင်း၊ ပဲကြီးများထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်စျေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
