
ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ရွှေဖရုံသီးသီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိရာ တစ်နိုင်တစ်ပိုင်သာမက စီးပွားဖြစ်လည်း စိုက်ပျိုးလျက်ရှိပါသည် ။ ရွှေဖရုံသီးကို မိုးဦးကာလဖြစ်သော မေလ နှင့် ဇွန်လများတွင်လည်းကောင်း ဆောင်းရာသီကာလဖြစ်သော အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင်လည်းကောင်း စိုက်ပျိုးကြ ကြောင်း၊ ရွှေဖရုံသီး စိုက်ပျိုးမှု တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အပင်သက်တမ်းအနေဖြင့် ရက်ပေါင်း (၁၀၀-၁၂၀)ကြားတွင် အသီးသီးကြောင်း၊ တစ်ဧကလျှင် ရွှေဖရုံသီး အလုံးပေါင်း (၂၀၀၀-၂၁၀၀) ထိ အသီးသီးကြောင်း၊ ရွှေဖရုံသီးဈေးနှုန်း အနေဖြင့် လက်လီ အလုံးကြီး တစ်လုံးလျှင် (၁၀၀၀/-)ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် (၅၀၀/-) ကျပ် ရှိပါကြောင်း ၊ လက်ကား ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် အလုံးကြီး တစ်လုံးလျှင် (၈၀၀/-)ကျပ် နှင့် အလုံးသေး တစ်လုံးလျှင် (၄၀၀-၃၀၀)ကျပ် စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့တို့သည် အရိုးကြီးထွားမှုကို အထောက်အပံ့ ဖြစ်စေသည့်အပြင် အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းတို့ကိုလည်း သက်သာစေကြောင်း၊ ရွှေဖရုံသီး တွင် ဗီတာမင်စီ အလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း ၊ ဗီတာမင်ဒီကြွယ်ဝစွာပါရှိသောကြောင့် အာရုံကြောအဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်စေ ကြောင်း၊ ရွှေဖရုံသီးကို သက်သတ်လွတ်ဟင်းလျာအဖြစ် စားကြသကဲ့သို့ မိမိနှစ်သက်ရာ ပုစွန် သို့မဟုတ် အသားတစ်မျိုးမျိုးနှင့်ရော၍ ချက်ပြုတ်စားသုံးနိုင်ကြောင်း ၊ ရွှေဖရုံသီးပေါင်း ၊ ရွှေဖရုံသီးစွပ်ပြုတ် နှင့် ရွှေဖရုံသီးဆန်ပြုတ်အဖြစ် စားသုံးလေ့ရှိကြကြောင်း၊ ရွှေဖရုံသီးစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပြီး တစ်ဧကစိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၇၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း ရွှေဖရုံသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
