
၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၌ အာလူး (၁၉၁၂) ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှ စတင်စိုက်ပျိုးခဲ့ရာတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ အာလူး (၂၈၉) ဧက၊ မိုင်းခတ်မြို့၌ အာလူး (၅၇၀) ဧက၊ စုစုပေါင်း (၈၅၉) ဧက စိုက်ပျိုးခဲ့ပြီး ဩဂုတ်လမှ ယခု စက်တင်ဘာလ (၃၀) ရက်နေ့ထိ အာလူးသီးနှံ ရိတ်သိမ်းခဲ့ရာတွင် ကျိုင်းတုံမြို့ (၁၅၃) ဧက၊ မိုင်းခတ်မြို့ (၄၈၅) ဧက၊ စုစုပေါင်း (၆၃၈) ဧက ရိတ်သိမ်းပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ (၃၀.၉.၂၀၂၅) ရက်နေ့ထိ စာရင်းအရ သိရှိရပါသည်။
ကျိုင်းတုံခရိုင်၌ ဒေသနှင့်ကိုက်ညီပြီး အရေအသွေးကောင်း ဒေသမျိုးများ အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ အဆိုပါ အာလူးစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧက အထွက်နှုန်း တိုးတက်စေရန် မြေပြုပြင်ခြင်း ၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစု (မျိုး)၊ နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ မြေတွင်းအောင်းပိုးသတ်ဆေး စုစုပေါင်း တစ်ဧက ကုန်ကျ စရိတ်မှာ (၃၇) သိန်းကျော်ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်တွင် အာလူး တစ်ဧကအထွက်နှုန်းမှာ ပိဿာချိန် (၂၅၀၀) ခန့် ထွက်ရှိ ကြောင်း သိရပါသည်။ ယခု အာလူး လက်ကားဈေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ် ခန့်မှန်း ပေါက်ဈေးအရောင်းအဝယ်ရှိပြီး အာလူး ပိဿာချိန် (၂၅၀၀) ကို (၂၀၀၀) ကျပ်နှုန်းဖြင့်ရောင်းလျှင် (၅၀) သိန်းခန့်ရရှိကာ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၃၇) သိန်းကျော်ခန့်နှုတ်လျှင် အာလူး စိုက်တောင်သူများ အနေဖြင့် အာလူး တစ်ဧကစိုက်လျှင် (၁၂) သိန်းကျော်ခန့် အမြတ်အစွန်းရရှိ မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
