Main menu

ဈေးကျဆင်းလာသောတညင်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

         မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်သည်  နှစ်ရှည်ပင်သီးနှံများကို စိုက်ပျိုးကြသော်လည်း   တညင်းသီးပင်စိုက်ပျိုးဖြစ်ထွန်းမှု မရှိကြောင်း၊ တညင်းပင်သည် မြန်မာနိုင်ငံအပူပိုင်းဒေသ များတွင် ပေါက်ရောက်မှုနည်းပြီး၊ အအေးပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မြစ်ကြီးနားမြို့ နှင့်ပြင်ဦးလွင်ဒေသများတွင်ပေါက်ရောက်ကြောင်း၊ ထွက်ပေါ်ချိန်မှာ(မေလမှ ဩဂုတ်လ) ဖြစ်ပြီး၊ နွေရာသီနှင့် မိုးရာသီ ကာလများတွင် ထွက်ပေါ်ကြောင်းသိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသော၂၀၂၅ ခုနှစ် အောက်တိုဘာ ဒုတိယပတ်၌ တညင်းသီး ၂၅ကျပ်သားလျှင် (၁၅၀၀-၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀-၇၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ စက်တင်ဘာလဒုတိယပတ်၌ ဒတညင်းသီး ၂၅ ကျပ် သားလျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၅၀၀-၉၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် တညင်းသီး ၂၅ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် တညင်းသီးများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ တညင်းသီး သီးနှံသည် စားသုံးမှုများ၍ ဈေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း၊ ကောလင်းမြို့၊ပြင်ဦးလွင်မြို့နှင့် မြစ်ကြီးနား ဒေသမှထွက်ရှိသော တညင်းသီးများကို မှာယူတင်သွင်းပြီး မြင်းခြံဈေးကွက်သို့ ရောင်းချကြောင်း၊ ကုန်သည်၏ပြောပြချက်အရသိရသည်။ စားသုံးမှုအနေဖြင့် တညင်းသီးကို ပြုပ် စားခြင်း၊ ချက်စားခြင်း၊ လဘက်ဖြင့်သုပ်စားခြင်း၊ တညင်းသီးဆားရည်စိမ်ကို ငပိရည်နှင့် စား ခြင်းစသည်ဖြင့် စားသုံးနိုင်သလို  ကျန်းမာရေးအနေဖြင့် တညင်းသီးတွင် သကြားဓာတ်များ၍ ဆီးချိုရှိသူများ သတိထားစားသုံးသင့်ကြောင်း၊ ကယ်လိုရီများ၍ အလွန်အကျွံစားပါက ကိုယ်အလေး ချိန်တက်နိုင်ကြောင်း၊ တညင်းသီးကို ကျန်းမာရေးနှင့်သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း သိ ရှိရသည်၊၊

DOCA(မန္တလေး)