Main menu

အမေရိကန်မှ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထား ကမ္ဘောဒီးယား လျှော့ချ

Powered by Drupal

 

          ကမ္ဘောဒီးယားထုတ်ကုန်များ တင်သွင်းမှုအပေါ်စည်းကြပ်မည့် အပြန်အလှန်အကောက်ခွန် ကို ၄၉ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းသို့ အမေရိကန်အစိုးရက လျှော့ချပေးခြင်းမှ ရရှိလာမည့် အကျိုး အမြတ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်များ တင်သွင်းမှု အပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ပြုရန် ကမ္ဘောဒီးယားအစိုးရ၏ ဆုံးဖြတ်ချက်သည် နိုင်ငံ အတွက် မည်သည့်ဆုံးရှုံးမှုမျှ ဖြစ်ပေါ်စေလိမ့်မည်မဟုတ်ဟု စီးပွားရေးပညာရှင်များက ယုံကြည် ကြကြောင်း Phnom Penh Post သတင်းဌာနက ဖော်ပြပါသည်။

          အမေရိကန်သမ္မတအိမ်ဖြူတော်မှ အောက်တိုဘာ ၂၆ ရက်နေ့၌ သတင်းထုတ်ပြန်ရာတွင် အမေရိကန်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ကုန်သွယ်မှု သဘောတူညီချက် ရေးထိုးနိုင်ခြင်းက အမေရိကန် ပို့ကုန်လုပ်ငန်းရှင်များအတွက် မျှော်မှန်းမထားခဲ့သော ကမ္ဘောဒီးယားဈေးကွက်သို့ ဝင် ရောက်ခွင့် ရရှိစေမည်ဖြစ်ကြောင်း၊ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် စက်မှုထုတ်ကုန်များ အပါအဝင် အမေရိကန်ထုတ်ကုန်များအပေါ် ချမှတ်ထားသည့် အကောက်ခွန်နှုန်းထား အားလုံးကို ကမ္ဘောဒီးယားဘက်မှ ဖယ်ရှားပေးရန် သဘောတူခဲ့သဖြင့် အမေရိကန်ပို့ကုန်များသည် ယင်း ဈေးကွက်သို့ ဝင်ရောက်ရာ၌ မည်သည့်အကောက်ခွန်ကိုမျှ ကြုံတွေ့ရမည် မဟုတ်ကြောင်း၊ အခြား သော ကုန်သွယ်ဘက်များနှင့် နှိုင်းစာလျှင် အမေရိကန်၏ သွင်းကုန်များသည် ယှဉ်ပြိုင်နိုင်စွမ်းအရ အားနည်းချက်ရှိမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

          ပို့ကုန်များအပေါ် အခြားသော ထပ်ဆောင်း စမ်းသပ်စစ်ဆေးရန် လိုအပ်ချက်များကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်ပေါ်ခြင်း မရှိစေရေး အမေရိကန်အာဏာပိုင်များ၏ လိုလားချက်ကို အသိအမှတ် ပြုခြင်း အပါအဝင် အမေရိကန်ပို့ကုန်များအပေါ် သင့်တင့်မျှတစွာ ပြုမူဆောင်ရွက်မည်ဟု ကမ္ဘော ဒီးယားဘက်မှ ကတိပြုထားသည်။

          ကမ္ဘောဒီးယား အထွေထွေ အကောက်ခွန်နှင့်အထူးအခွန်များ ဦးစီးဌာန၏ အချက်အလက် များအရ တရုတ်နိုင်ငံ၏နောက်၌ အမေရိကန်သည် ကမ္ဘောဒီးယား၏ ဒုတိယအကြီးဆုံး ကုန်သွယ် ဖက်နိုင်ငံဖြစ်ကြောင်း၊ ယခုနှစ် ပထမကိုးလအတွင်း ၎င်းတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုး သည် ဒေါ်လာ ၉.၅၇ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၂၂.၆ ရာခိုင်နှုန်း တိုး တက်လာခဲ့ကြောင်း၊ အမေရိကန်သို့ ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၉ ဘီလီယံရှိပြီး ၂၂ ရာခိုင်နှုန်း တိုးတက်လျက် အမေရိကန်ထံမှ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၂၈၃.၆၃ သန်းဖြင့် ၄၆.၉ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် ပြည်တွင်းသို့ အမေရိကန် ကုန်စည် များ စီးဆင်းဝင်ရောက်မှုကို တိုးမြှင့်ရန် ရည်ရွယ်လျက် အစိုးရသည် သွင်းကုန်အခွန်ကို ဖယ်ရှားခဲ့ ခြင်းဖြစ်ကြောင်း၊ ၎င်းမူဝါဒသည် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုအပေါ် သက်ရောက်မှု အနည်းငယ် မျှသာ ရှိမည်ဖြစ်ကြောင်း၊ အမေရိကန်သို့ တင်ပို့သည့်ကုန်ပမာဏနှင့် နှိုင်းယှဉ်ပါက သွင်းကုန်မှာ နည်းပါးနေဆဲဖြစ်ကြောင်း၊ အမေရိကန်ဘက်မှ အပြန်အလှန် အကောက်ခွန်နှုန်းကို ၁၉ ရာခိုင်နှုန်း သို့ လျှော့ချပေးခြင်းက ကမ္ဘောဒီးယား အနေဖြင့် အပြုသဘောဆောင်သည့် အကျိုးရလဒ်များ ဆက်လက်ရရှိလိမ့်မည်ဖြစ်ကြောင်း၊ အခွန်လျှော့ချမှုသည် ကမ္ဘောဒီးယားပြည်တွင်း၌ အမေရိကန် ထုတ်ကုန်များအား ပိုမိုသုံးစွဲရန်လည်း တွန်းအားပေးမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် Lor Vichet က အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

          ယခုနှစ် ဧပြီလ၌ သွင်းကုန်များအပေါ် အပြန်အလှန်အကောက်ခွန် စည်းကြပ်မည် မူဝါဒကို ကျင့်သုံးမည်ဟု သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရက ကြေညာချက် ထုတ် ပြန်ခဲ့ချိန်၌ ကမ္ဘောဒီးယားအပေါ် ချမှတ်သည့် အကောက်ခွန်နှုန်းမှာ ၄၉ ရာခိုင်နှုန်းရှိပြီး နောက်ပိုင်း ကာလတွင် စေ့စပ်ညှိနှိုင်းမှုများအရ ဩဂုတ်လဆန်း၌ ၃၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ယခုအခါ ၁၉ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချပေးခဲ့သဖြင့် အမေရိကန်ဈေးကွက်သို့ ကမ္ဘောဒီးယားပို့ကုန်များ ဝင်ရောက်ရာတွင် ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရရှိနေဦးမည်ဟု Phnom Penh Post သတင်းဌာန က ဖော်ပြထားသည်။

Source: Phnom Penh Post, 27 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)