Main menu

လယ်ယာထွက်ကုန် အမျိုးအစား ၃၉၀၀ ကျော် တရုတ်ဈေးကွက်သို့ တင်ပို့ရန် အတည်ပြုချက် ဗီယက်နမ်ရရှိထား

Powered by Drupal

     တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) သည် ဗီယက်နမ် လုပ်ငန်းရှင်များအတွက် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန် အမျိုးအမည်ပေါင်း ၃၉၃၈ ခုကို တရုတ်ပြည်တွင်းဈေးကွက်သို့ တင်သွင်းခွင့်ပြုရန် အတည်ပြုထားပြီးဖြစ်သည်ဟု ဗီယက်နမ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          အဆိုပါကုန်အမယ်များအနက် အမျိုးအစား ၂၅၀ ကို ယခုနှစ် ပထမ ၁၀ လအတွင်း တင်ပို့ ခွင့်လိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဗီယက်နမ်၏ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်ဖြစ်သော တရုတ်နိုင်ငံသည် လယ်ယာထွက်ကုန်တင်သွင်းသည့် အရေးပါသော ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တင်သွင်းမှုအပေါ် တရုတ်နိုင်ငံက စည်းမျဉ်းတင်း ကျပ်မှုများ ပိုမိုပြုလုပ်လာသည့်အတွက် ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်း စဉ်များတွင် စံချိန်စံညွှန်းများကိုက်ညီအောင် ဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုတိုးတက်စေရန် ပြုပြင်ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိနိုင်ရေးတို့၌ ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်ပသို့ ရေရှည်တင်ပို့နိုင်ရေး ထိန်းသိမ်းဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

          GACC သည် တရုတ်နိုင်ငံသို့ တင်သွင်းသောစားသောက်ကုန်များကို ထုတ်လုပ်သည့် ပြည်ပ မှ လုပ်ငန်းရှင်များ၏ အကောက်ခွန်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက် အမိန့်အမှတ် ၂၈၀ အား ပြင်ဆင်ထုတ်ပြန်ခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့၌ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ညွှန်ကြား ချက်သည် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အာဏာသက်ရောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၌ စတင်ကျင့်သုံးခဲ့သည့် ညွှန်ကြားချက်ကို အစားထိုး ပြင်ဆင်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

          ဗီယက်နမ် SPS ရုံး၏ ဒုတိယညွှန်ကြားရေးမှူး Dr. Ngô Xuân Nam က ၎င်းအမိန့်အမှတ် ၂၈၀ သည် တရုတ်နိုင်ငံသို့တင်ပို့မည့် စားသောက်ကုန်များအား ထုတ်လုပ်ခြင်း၊ အဆင့်ဆင့်ပြုပြင် ခြင်းနှင့် ကြာရှည်ခံအောင်ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်သည့် လုပ်ငန်းရှင်များအပေါ် တိုက်ရိုက်သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များ၊ ပင်လယ်စာ၊ အသား၊ နို့၊ ကော်မှုန့်၊ အချိုရည်၊ အဖျော်ယမကာနှင့် အခြောက်ခံထားသည့် လယ်ယာထုတ်ကုန် စသည်တို့ကို ပြုပြင်ထုတ်လုပ်သော စက်ရုံများလည်းပါဝင်ကြောင်း၊ လုပ်ငန်းရှင်များသည် အထူးသဖြင့် လုပ်ငန်း တည်နေရာ၊ တရားဝင်ရပ်တည်မှု သို့မဟုတ် ပြည်တွင်းလိုင်စင်ရရှိမှု စသည့် အပြောင်းအလဲများရှိ ပါက GACC ၏ CIFER Portal တွင် မှတ်ပုံတင်ထားမှုကို ပြန်လည်စိစစ်သင့်ကြောင်း၊ ပြောင်းလဲမှု များသည် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုစနစ်ကို သက်ရောက်မှုရှိလျှင် စည်းမျဉ်းအသစ် များအရ မှတ်ပုံတင်ထားရှိမှုအား ချက်ချင်းရုပ်သိမ်းခြင်းခံရနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

          လုပ်ငန်းရှင်များအနေဖြင့် တရုတ်ဈေးကွက်သို့ ကြာရှည်ခံအောင်ပြုပြင်ထားသည့် ကုန်စည် များကိုတင်ပို့မည်ဆိုပါက ကုန်စည်ထားသိုမည့်နေရာများ၊ အအေးခန်းနေရာ သို့မဟုတ် ပြည်ပတွင် ယာယီသိုလှောင်ထားသည့်နေရာ အစရှိသဖြင့် မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို အမိန့်အမှတ် ၂၈၀ တွင် ရှင်းလင်းစွာဖော်ပြထားကြောင်း၊ အမိန့်အမှတ် ၂၈၀ သည် ခြေလှမ်းသစ်တစ်ခုဖြစ်ပြီး အတားအဆီးတစ်ခုမဟုတ်ကြောင်း၊ ဗီယက်နမ်သည် ထိရောက်၍ ပွင့်လင်းမြင်သာမှုရှိသော အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ထိန်းချုပ်မှုစနစ်ကို ထိန်းသိမ်းထားရှိလျက် ကနဦးကြိုတင်သတိပေးချက်စနစ်ကို ဆောင်ရွက်မည်ဆိုပါက ဆုံးရှုံးမှု ဖြစ် နိုင်ခြေကို နိမ့်ကျသည့်အဆင့်အထိ အကဲဖြတ်ဆန်းစစ်နိုင်လိမ့်မည်ဖြစ်ပြီး ဗီယက်နမ်လုပ်ငန်းရှင် များ အနေဖြင့် ဦးစားပေးအုပ်စုအဆင့်၌ ရပ်တည်နိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          အမိန့်အမှတ် ၂၈၀ မှ အခွင့်အလမ်းများကို ရယူနိုင်ရေးအတွက် စီမံခန့်ခွဲရေး အေဂျင်စီများ အနေဖြင့် တရုတ်နိုင်ငံနှင့် အခြားသော ကုန်သွယ်ဘက်နိုင်ငံများက ဗီယက်နမ်၏ စီမံခန့်ခွဲမှု စွမ်းရည်နှင့် ပွင့်လင်းမြင်သာမှုတို့ကို အကဲဖြတ်ရာတွင် အရေးပါသည့် အခြေခံတစ်ခုဖြစ်သော ခြေရာခံမှုစနစ်များနှင့် အဆင့်ဆင့်ထုပ်ပိုးသည့် စက်ကိရိယာများ၊ ထုတ်လုပ်သည့်နေရာ၊ စိုက်ပျိုး သည့်နေရာ စသည်တို့နှင့်စပ်လျဉ်း၍ အချက်အလက်များ ကိုက်ညှိခြင်းကို ဆက်လက်လုပ်ဆောင် ရန် Dr. Nam က အကြံပြုထားကြောင်းသိရှိရပါသည်။

Source : Vietnam News, Oct 25, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)