Main menu

အီသီယိုးပီးယားမှ ‌ကော်ဖီများအား စတုတ္တမြောက် အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်လာသော တရုတ်နိုင်ငံ

Powered by Drupal

           တရုတ်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံမှ ကော်ဖီများအား အများဆုံးတင်သွင်းလျက်ရှိသော ထိပ်တန်းနိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ပါဝင်လျှက်ရှိပြီး လွန်ခဲ့သည့် ၂ နှစ်က အီသီယိုးပီးယား ကော်ဖီတင်သွင်းသော နိုင်ငံများ၏ စာရင်းတွင် အဆင့် (7) နေရာမှ အဆင့် (4) နေရာသို့မြင့်တက်လာခဲ့ကြောင်း အီသီယိုးပီးယား ကော်ဖီနှင့် လက်ဖက်ရည် အာဏာပိုင်အဖွဲ့မှ လက်ထောက်ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ Shafi Umer ၏ ပြောကြားချက်အရသိရသည်။ ဇူလိုင်လ ၈ ရက်နေ့ကစတင်သော လက်ရှိ အီသီယိုးပီးယားနိုင်ငံ၏ ဘဏ္ဍာနှစ်၏ ပထမသုံးလ ပတ်အတွင်း အီသီယိုးပီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကော်ဖီတန်ချိန် ၉၄၇၀ နီးပါးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၅.၄၉ သန်းရရှိခဲ့သည်။ လက်ရှိဘဏ္ဍာနှစ်၏ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုမှရရှိသော ဝင်ငွေသည် ယမန်နှစ် ပထမသုံးလပတ်က ရရှိသောဝင်‌ငွေနှင့် နှိုင်းယှဉ်ပါက ခုနှစ်ဆနီးပါး တိုးလာကြောင်း သိရသည်။ ထိုသို့ တရုတ်နိုင်ငံအား ကော်ဖီတင်ပို့မှု မြင့်တက်လာရခြင်းမှာ အော်ဂဲနစ်ကော်ဖီများကိုသာ တင်ပို့ခြင်းနှင့် အရည်အသွေးမြင့်မားသော ကော်ဖီများအတွက် တရုတ်စားသုံးသူများ၏ တိုးပွားလာသော ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်သည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကြောင့်ဖြစ်ကြောင်း Shafi Umer က ပြောကြားခဲ့သည်။ ဂျာမနီ၊ ဆော်ဒီအာရေးဗီးယားနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် ပြီးခဲ့သော သုံးလတာကာလအတွင်း အီသီယိုးပီးယားနိုင်ငံ၏ ကော်ဖီတင်ပို့မှုအတွက် ထိပ်တန်း နိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်းတို့၏ နောက်တွင် တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဂျပန်၊ အီတလီနှင့် ရုရှားနိုင်ငံတို့က အကြီးဆုံးစျေးကွက် ခုနှစ်ခုအဖြစ်တည်ရှိကြောင်း အီသီယိုးပီးယား အာဏာပိုင်များ၏ အချက်အလက်များအရ သိရှိရပါသည်။

Source: Xinhua                                                                              

DOCA (ရန်ကုန်)