
မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးအတွင်း အောက်တိုဘာလ ဒုတိယပတ်၌ ကုန်စိမ်းသီးနှံများ အဝင် လှိုင်၊ အရောင်းသွက်ကြောင်းသိရသည်။ ကုန်စိမ်းသီးနှံများမှာ ရှမ်းပြည်နယ်မှ အများဆုံးဝင်ရောက်မှုရှိ ပြီး၊ ယခုနှစ် မိုးကောင်းသည့်အတွက် ဒေသထွက်ကုန်စိမ်းများလည်း ဝင်ရောက်မှုများကြောင်း သိရ သည်။ မြို့မဈေးကြီးအတွင်း ပဲတောင့်ရှည် ပဲစောင်းကားသီး (ပဲမြစ်သီး) တို့မှာ (၂၅) ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ရုံးပတီသီးမှာ (၂၅) ကျပ်သား (၁၀၀၀) ကျပ်၊ ဂေါ်ရခါးသီးမှာ (လေးလုံးမှ ခြောက်လုံးပါ) လျှင် (၁၀၀၀) ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ဆူးပုတ်ကြီးတစ်စီးလျှင် (၇၀၀) ကျပ်တို့ ဖြင့် အရောင်းသွက်လျက်ရှိပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက ခရမ်းသီးမှာ စိုက်ခင်းများအတွင်း ရေ ဝင်ရောက်မှုကြောင့် အသီးထွက်နှုန်းကျဆင်းကာ ဈေးမြင့်လာပြီး၊ ကျန်ကုန်စိမ်းသီးနှံများ ဈေးနှုန်းမြင့် တက်မှုမရှိဘဲ ဈေးငြိမ်နေပါသည်။ မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးအတွင်း ကုန်ခြောက်၊ ကုန်စိမ်း၊ လူသုံး ကုန်၊ စားသောက်ကုန်များမှာ ဒေသထွက်များအပြင် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် ရှမ်းပြည်နယ်ကုန် စည်များ ဝင်ရောက်ကာ မြို့ပေါ်စားသုံးသူများအပြင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းတို့မှ လာရောက်ဝယ်ယူကြရာ နေ့စဉ်စည်ကားလျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)
