Main menu

အိန္ဒိယ၏ဆန်တင်ပို့မှု ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်း တိုးတက်မည်ဟု အာဏာပိုင်များ ပြောကြား

Powered by Drupal

       ပြည်ပဈေးကွက်များ၌ ဝယ်လိုအား ကောင်းမွန်လာမှုအရ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပမာဏအားဖြင့် ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လာဖွယ်ရှိသည် ဟု အိန္ဒိယ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးစားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ဥက္ကဋ္ဌ Abhishek Dev က အောက်တိုဘာ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့သည်။

       အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ နိုင်ငံပေါင်း ၁၇၂ နိုင်ငံကျော်သို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂.၉၅ ဘီလီယံရှိသော ဆန်တန်ချိန် ၂၀.၁ သန်း တင်ပို့ခဲ့သည်။ နယူးဒေလီမြို့ ရှိ Bharat Mandapam ညီလာခံခန်းမတွင် ၂ ရက်ကြာ ကျင်းပလျက်ရှိသော ဘာရတ် နိုင်ငံတကာ ဆန်စပါးညီလာခံ (Bharat International Rice Conference 2025) ၏ သီးခြားဆွေးနွေးပွဲ အစီ အစဉ်တစ်ခု၌ အိန္ဒိယ၏ ယခုဘဏ္ဍာနှစ် ဆန်တင်ပို့မှုမှာ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုးတက်မှု နှုန်းသည် ပမာဏအားဖြင့် ဆယ်ဂဏန်း အဆင့်ရှိမည်ဟု ၎င်းတို့အနေဖြင့် ခန့်မှန်းထားကြောင်း၊ အလားတူ တန်ဖိုးအရလည်း တိုးတက်လာလိမ့်မည်ဖြစ်ကြောင်းဖြင့် Mr. Dev က ပြောဆိုခဲ့ခြင်းဖြစ် သည်။

      အမျိုးအစား ကွဲပြားခြားနားသော ဆန်များကို တိုးမြှင့်တင်ပို့နိုင်ရန် လိုအပ်သကဲ့သို့ ဆန် မုန့်ခြောက် ကဲ့သို့သော ဆန်အခြေခံ ပြုပြင်ပြီးစားသောက်ကုန်များကိုလည်း တိုးတက်တင်ပို့နိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိကာလ၌ အိန္ဒိယဆန်ကိုဝယ်ယူမှု နည်းပါးနေသေးသော်လည်း တိုးမြှင့်တင်ပို့ ရန် အလားအလာရှိသည့် ဖိလစ်ပိုင် အပါအဝင် ဈေးကွက်နိုင်ငံ ၂၆ ခုကို အစိုးရက ခွဲခြားဖော်ထုတ် ထားပြီးဖြစ်ကြောင်း၊ ၎င်းနိုင်ငံများသို့ ဆန်တင်ပို့မှု မြှင့်တင်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

      ဆန်စပါးညီလာခံကို ပူးတွဲစီစဉ်ကျင်းပသည့် အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (IREF) မှ ဥက္ကဋ္ဌ Prem Garg က အဆိုပါ နိုင်ငံ ၂၆ ခုမှ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များကို ညီလာခံ၌ ပါဝင်တက်ရောက်ရန် ဖိတ်ကြားလျက် အိန္ဒိယ၏ ဆန်မျိုးကွဲများကို ပြသနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုညီလာခံသို့ ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ တင်သွင်းသူများ၊ မူဝါဒချမှတ်သူများ၊ ငွေကြေးအဖွဲ့အစည်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ သုတေသန အဖွဲ့အစည်းများနှင့် မိတ်ဖက်ဝန်ဆောင်မှု လုပ်ငန်းများမှ ကိုယ်စားလှယ်ပေါင်း ၁၀၀၀၀ ခန့် ပါဝင် တက်ရောက်မှုရှိကြောင်း ပြောဆိုခဲ့သည်။

      အိန္ဒိယ၏ ဆန်တင်ပို့မှုမှာ စက်တင်ဘာလတွင် တန်ဖိုးအားဖြင့် ၃၃.၁၈ ရာခိုင်နှုန်း တိုးတက် လျက် အမေရိကန်ဒေါ်လာ ၉၂၅ သန်း သို့ ရောက်ရှိခဲ့သည်။ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဆန် တင်ပို့မှု တန်ဖိုးသည်လည်း ၁၀ ရာခိုင်နှုန်းတိုးတက်လျက် ဝင်ငွေ ဒေါ်လာ ၅.၆၃ ဘီလီယံ ရရှိ ခဲ့သည်။

      ကမ္ဘာ့ဆန်ထုတ်လုပ်မှုနှင့်တင်ပို့မှု အကြီးမားဆုံးဖြစ်သော အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၁၇၂ ခုကျော်သို့ ဆန်ပေးသွင်းလျက်ရှိပြီး ၂၀၂၄-၂၅ ခုနှစ်တွင် စပါးစိုက်ဧရိယာ ဟက်တာပေါင်း ၄၇ သန်းမှ ဆန်တန်ချိန် သန်း ၁၅၀ ခန့် ထုတ်လုပ်ခဲ့ရာ ကမ္ဘာ့တစ်ဝန်းထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ဆန်အထွက်နှုန်းသည် ၂၀၁၄-၁၅ ခုနှစ်၌ တစ်ဟက်တာလျှင် ၂.၇၂ တန် ရှိခဲ့ရာမှ မျိုးစေ့၊ စိုက်နည်းစနစ်နှင့် ဆည်ရေပေးဝေမှုတို့ကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် ၂၀၂၄-၂၅ ခုနှစ် တွင် တစ်ဟက်တာလျှင် ၃.၂ တန် ထွက်ရှိသည်အထိ တိုးတက်လာကြောင်း အိန္ဒိယ Rediff.com သတင်း ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

Source: Rediff.com, 31 Oct 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)