Main menu

ဆန်တန်ချိန် ၃ သိန်း ဖိလစ်ပိုင် တင်သွင်းမည်

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစ၍ ဆန်တင်သွင်းမှုကို တားမြစ်ခဲ့အပြီး ပြည်တွင်းဆန်လက်ကျန်များ နည်းပါးသွားပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၃ သိန်း တင်သွင်းလိမ့်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ယခုနှစ်နှောင်းပိုင်း၌ အာဆီယံဒေသ တစ်ဝှမ်းတွင် ဆန်ရောင်းလိုအားကို လျော့နည်းစေနိုင်သည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ပေါ် ပေါက်နိုင်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ သတိပေးချက် ထုတ်ပြန်မှုနှင့် အတူ ဗီယက်နမ်နိုင်ငံက ၎င်း၏ ဆန်စပါးရိတ်သိမ်းမှု ကောင်းမွန်ပြီး ဆန်တန်ချိန် ၈ သန်းတင်ပို့မည့် ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ပြောကြားကြောင်း သိရှိရသည်။

    ထိုင်းလယ်ယာစီးပွားရေးရာ ဦးစီးဌာန (OAE) ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အမြင့်ဆုံးသို့ ရောက်ရှိလျက် စပါးတန်ချိန် ၁၇.၃၇၅ သန်းအထိ ထွက်ရှိမည်ဖြစ်ပြီး အဆိုပါပမာဏမှာ စပါးထုတ်လုပ်မှု စုစုပေါင်း၏ ၆၃.၈၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

    အကျိုးရလဒ်အားဖြင့် ဆန်ဈေးနှုန်းများအပေါ် ကျဆင်းမှုဖိအားများ သက်ရောက်လျက်ရှိ သည်။ ထိုင်းဆန်စက်လုပ်ငန်းများအသင်းမှ ထုတ်ပြန်ချက်အရ အယုဒ္ဓယမြို့တွင် စိုထိုင်းဆ ၁၅% ရှိသော စပါးဈေးနှုန်းမှာ ၁ တန်လျှင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဘတ် ၆၃၀၀ မှ ၆၇၀၀ အတွင်းရှိရာမှ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဘတ် ၆၂၀၀ မှ ၆၆၀၀ အတွင်း နှုန်းထားသို့ ကျဆင်းလာခြင်း ဖြစ်သည်။

    Ubon Ratchathani မြို့မှ ၂၀၂၅-၂၀၂၆ သီးနှံရာသီတွင် ထွက်ရှိသော ဟုမ်းမာလီ စပါးအသစ် ၏ ဈေးနှုန်းမှာမူ စပါးရိတ်သိမ်းမှုများမှ ဈေးကွက်ထဲသို့ အပြည့်အဝ မရောက်ရှိသေးသဖြင့် ၁ တန် လျှင် ဘတ် ၁၁၂၀၀ မှ ၁၁၆၀၀ အတွင်း တည်ငြိမ်နေဆဲဖြစ်သည်။

    ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းမှုကို ကာကွယ်ရန် အတွက် ဆန်တင်သွင်းမှုတားမြစ်ချက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ပြန်လည် အသက်မသွင်းမီ ဇန်နဝါရီလတွင် တစ်လတာကြာ ဆန်တင်သွင်းမှုခွင့်ပြုချက်ပေးရန် စီစဉ်ထား ကြောင်း ကြေညာခဲ့သည်။ စက်တင်ဘာလမှ တင်သွင်းမှုရပ်ဆိုင်းခဲ့ချိန်၌ ကျန်ရှိနေခဲ့သော ဆန် လက်ကျန်ပမာဏသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် ကုန်ခမ်းမည်ဟု ခန့်မှန်းရသဖြင့် ဖိလစ်ပိုင် နိုင်ငံသည် ဒီဇင်ဘာလတွင် ပြည်တွင်းဆန်ရောင်းအားကိုသာ မှီခိုနေရမည်ဖြစ်၍ ဆန်တင်သွင်းရန် ခွင့်ပြုမည့်ပမာဏကို တန်ချိန် ၃ သိန်း အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

    စပါးရိတ်သိမ်းရာသီအတွင်း တောင်သူလယ်သမားများအား အထောက်အကူပြုရန်နှင့် ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ဖိလစ်ပိုင်အစိုးရသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ၆၀ ရက်ကြာကာလထိ သာမန်ကြိတ်ခွဲဆန်နှင့် အထူးကြိတ်ခွဲဆန်များ တင်သွင်း မှုကို ယာယီရပ်ဆိုင်းခဲ့သည်။ အစောပိုင်းကာလတွင် ဆန်တင်သွင်းမှု ဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်၌ ပြီးဆုံးရန်သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် ယခုနှစ်ကုန်အထိ ဆိုင်းငံ့ ချက်အား တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။

     ကမ္ဘာ့အကြီးဆုံး ဆန်တင်သွင်းသည့်နိုင်ငံဖြစ်သော ဖိလစ်ပိုင်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ လကုန်အထိ ဆန်တန်ချိန် ၃.၅ သန်းကို တင်သွင်းထားပြီး ၎င်း၏ နှစ်စဉ်တင်သွင်းရန် လျာထားချက် ထက် တန်ချိန် ၈ သိန်းအထိ ကျော်လွန်ခဲ့သည်။ ပုံမှန်အားဖြင့် တစ်လလျှင် တန်ချိန် ၃ သိန်း သို့မဟုတ် တစ်နှစ်လျှင် တန်ချိန် ၃.၆ သန်းခန့် တင်သွင်းလေ့ရှိပြီး အဓိကအားဖြင့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဆန်ကွဲပါဝင်မှု ၂၅% ရှိသော ဆန်ဖြူနှင့် ဆန်ကွဲပါဝင်မှု ၅% ရှိသော ဆန်မွှေးများ အပေါ် မှီခိုအားထားလျက်ရှိကြောင်း သိရှိရသည်။

     ဗီယက်နမ်နိုင်ငံတွင်မူ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) ၏ ထုတ်ပြန်ချက်အရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ ဆောင်းရာသီစပါး ရိတ်သိမ်းမှု၏ ၉၀ ရာခိုင်နှုန်း ကျော် ပြီးစီးခဲ့ပြီး အချို့ခရိုင်များတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှု ကြုံတွေ့ခဲ့ရသော် လည်း ထိခိုက်မှုမရှိဘဲ စပါးအထွက်နှုန်းကောင်းမွန်နေဆဲဖြစ်ကြောင်း၊ ဗီယက်နမ်အစိုးရသည် ၂၀၂၅ ခုနှစ်အတွက် ဆန်တန်ချိန် ၈ သန်း တင်ပို့ရန် ရည်မှန်းချက်ကို ထပ်မံအတည်ပြုခဲ့ပြီး ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူဈေးနှုန်းမှာ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၅ (ဘတ်ငွေ ၁၉၂၄၅ ခန့်) ဝန်းကျင်တွင် ရှိနေပြီး အဆိုပါဈေးနှုန်းသည် ထိုင်းဆန်ဈေးနှုန်းနှင့် နှိုင်းယှဉ်နိုင်ကာ ဖိလစ်ပိုင်နှင့် မလေးရှားဈေးကွက်များအပါအဝင် ဒေသတွင်း ဈေးကွက်ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်လာစေကြောင်း သိရှိရသည်။

     ထိပ်တန်းဆန်ထုတ်လုပ်ရေးနိုင်ငံများမှ ရောင်းလိုအားများ တည်ငြိမ်နေပြီး အာရှနိုင်ငံများ၏ ဆန်တင်သွင်းမှုလိုအပ်ချက်လည်း ရှိနေသဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆန်ဈေးနှုန်းများသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၀ မှ ၆၂၀ (ဘတ် ငွေ ၁၉၀၈၃ မှ ၂၀၀၅၄) အကြား တည်ငြိမ်နေကြောင်း၊ သို့ရာတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ပြန်လည်ပေါ်ပေါက်နိုင် သည့် လက္ခဏာများကို တွေ့ရှိထားပြီး ၂၀၂၆ ခုနှစ်အစောပိုင်းတွင် အထူးသဖြင့် အရှေ့တောင် အာရှဒေသ၌ ကမ္ဘာလုံးဆိုင်ရာ ဆန်ရောင်းလိုအားကို လျော့နည်းစေနိုင်သည်ဟု FAO က သတိပေး ထားသည်။

     ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇၆၂၅၈၂ တန်တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၁၅.၆% ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ စုစုပေါင်းဆန်တင်ပို့မှုမှာ တန်ချိန် ၅၇၉၉၀၃၂ ရှိခဲ့ကာ ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၃.၁% ကျဆင်းခဲ့သည်။

Source: The Nation Thailand, November 3, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)