ဖိလစ်ပိုင်နိုင်ငံရှိ ကောက်ပဲသီးနှံလုပ်ငန်းဗျူရိုဌာန (BPI) နှင့် တောင်အမေရိကဒေသရှိ ပီရူး နိုင်ငံမှ အမျိုးသား လယ်ယာထွက်ကုန်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှု လုပ်ငန်းဌာနတို့အကြား သဘောတူ လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းစီမံချက်အရ ပီရူးနိုင်ငံမှ ထောပတ်သီးများအား ဖိလစ်ပိုင်သို့ တင်သွင်းရန် ဈေးကွက်ဖွင့်ပေးလိုက်ကြောင်း သိရှိရပါသည်။
အဆိုပါ လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းစီမံချက်သည် ဖိလစ်ပိုင် ပြည်တွင်းဈေးကွက်သို့ သစ်သီးဝလံများ ဝင်ရောက်ရန်အတွက် စည်းကမ်းချက်များကို ချမှတ်ဖော်ပြခြင်းဖြစ်ကြောင်း၊ ပီရူး နိုင်ငံထွက် ဟက်စ် (Hass) အမျိုးအစား ထောပတ်သီးများ၏ ဈေးကွက်ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ အပင်နှင့် တိရစ္ဆာန် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ ပါဝင် ပြီး အပင်ကျန်းမာရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ အမြင့်မားဆုံး စံချိန်စံညွှန်း များနှင့် ကိုက်ညီမှုရှိသော ထုတ်ကုန်များတင်သွင်းခြင်းကို သေချာစေမည်ဖြစ်ကြောင်း BPI ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့ပါသည်။
ယခုသဘောတူညီချက်သည် နှစ်နိုင်ငံကြား လပေါင်းများစွာဆွေးနွေးမှုများနှင့် ဆန်းစစ် ဖော် ထုတ်ချက်များ၏ ရလဒ်တစ်ခုဖြစ်ပြီး၊ လယ်ယာထွက်ကုန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘေး အန္တရာယ်ကင်းရှင်းသည့် ကုန်သွယ်မှုအလေ့အထများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည် ဟု ဖိလစ်ပိုင်အစိုးရက ပြောကြားထားပါသည်။
ပီရူးနိုင်ငံထွက် ထောပတ်သီးများ တင်သွင်းခွင့်ပြုခြင်းသည် ဖိလစ်ပိုင်၏ လယ်ယာထွက်ကုန် မျိုးစုံတင်သွင်းမှုကို အထောက်အပံ့ဖြစ်စေပြီး၊ ပြည်တွင်းဈေးကွက်၌ ဖိလစ်ပိုင်စားသုံးသူများအား ရွေးချယ်နိုင်ခွင့် ပိုမိုရရှိစေကြောင်း၊ ယခုမိတ်ဖက်ဆက်ဆံမှုသည် ဘေးအန္တရာယ်ကင်းရှင်း၍ ရေရှည် ဖွံ့ဖြိုးသည့် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုကို အလေးအနက်ထားပြသခြင်းဖြစ်ကြောင်း BPI ဌာန က ပြောကြားထားပါသည်။
အစိုးရဌာနဆိုင်ရာ အရာရှိများ၏ ပြောဆိုချက်များအရ အပင်ကာကွယ်ရေး၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လယ်ယာ-အစားအစာကဏ္ဍတွင် နည်းပညာဖလှယ်ရေး စသည် တို့နှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်နှင့်ပီရူး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆောင်ရွက်နိုင် မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။
ပြည်တွင်းသို့တင်သွင်းသည့် ထုတ်ကုန်များအား နိုင်ငံ၏ မြင့်မားသည့် အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်လျက်ရှိသည့် နည်းတူ ပီရူးနိုင်ငံ၏ ထောပတ်သီးတင်ပို့မှုကို ဈေးကွက်ဖွင့်ပေးခြင်းအားဖြင့် ဖိလစ်ပိုင်သည် ကမ္ဘာ လုံးဆိုင်ရာ လယ်ယာထွက်ကုန် ကုန်သွယ်မှုတွင် တက်ကြွစွာ ပါဝင်ရပ်တည်နေကြောင်း၊ Hass ထောပတ်သီးမျိုးကွဲ၏ ရနံ့မွှေးကြိုင်မှုနှင့် အသားနူးညံ့မှု တို့ကြောင့် တင်သွင်းသူများအကြားတွင် လူကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။
The Philippine Star, October 26, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
