
ဩစတေးလျရှိ ဩစတေးလျ-ဗီယက်နမ်စီးပွားရေးကောင်စီများ၊ အသင်းများနှင့် အဖွဲ့အစည်းများနှင့် နိုင်ငံအတွင်းလည်ပတ်နေသည့် ဗီယက်နမ်လုပ်ငန်းများအကြား ချိတ်ဆက်ပေးမည့် ပထမဆုံးအွန်လိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ ဩစတေးလျနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်နှင့် ဆစ်ဒနီမြို့နှင့် ပါ့တ်မြို့တို့ရှိ ကောင်စစ်ဝန်ချုပ်တို့ကပူးတွဲကြီးမှူးကျင်းပသည့် ထိုအခမ်းအနားကို ဩစတေးလျ-ဗီယက်နမ် စီးပွားရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် များစွာသောဗီယက်နမ်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များပါဝင်သော လူဦးရေ ၃၀ နီးပါးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဩစတေးလျနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Pham Hung Tam က နှစ်နိုင်ငံ စီးပွားရေးအသင်းများနှင့် အုပ်စု များအကြားပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်မှုမြှင့်တင်ရန် အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ Tam က ထိုအစည်းအဝေးသည် အသင်းများချိတ်ဆက်ရန်၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာရှာဖွေရန်နှင့် ဩစတေးလျ-ဗီယက်နမ်စီးပွားရေးအသင်းများအဖွဲ့ချုပ် တည်ထောင်ရန်အတွက် အကောင်းဆုံးစင်မြင့် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခင် ဗီယက်နမ်နိုင်ငံဆိုင်ရာ ဩစတေးလျသံအမတ် အဖြစ်ဆောင်ရွက်ခဲ့ပြီး ယခုအခါများစွာသော ဗီယက်နမ်နှင့်ဆက်စပ်နေသည့်အဖွဲ့အစည်းများအတွက် အကြံပေးအဖြစ်ဆောင်ရွက်နေသည့် Andrew Goledzinowski က ၎င်းသည် မူပိုင်ခွင့်နှင့် လုပ်ငန်းရှင်များအုပ်စုများအစရှိသည့် များစွာသောဗီယက်နမ်လုပ်ငန်းများနှင့် လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဩစတေးလျ-ဗီယက်နမ်စီးပွားရေးကောင်စီ၏ဥက္ကဌဖြစ်သူ Simon White က ဗီယက်နမ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် ကွဲပြားသောအသင်း အမျိုးမျိုးကြား ချိတ်ဆက်ရန်အတွက် ပေါင်းစည်းထားသည့်အဖွဲ့အစည်းတစ်ခုတည်ထောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးအတွင်း ပါဝင်တက်ရောက်သူများသည် ၎င်းတို့၏အဖွဲ့အစည်းများနှင့် အသင်းများ ကိုမိတ်ဆက်ခဲ့ကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကြံဥာဏ်များဝေမျှခဲ့ကြကာ သတင်းအချက်အလက်များ ဖလှယ်ရန်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ၎င်းတို့သည် ညှိနှိုင်းဆောင်ရွက်မှုအားကောင်းရန်အတွက် ဩစတေးလျတွင် ပေါင်းစည်းထားသည့်အဖွဲ့အစည်း တည်ထောင်ရန်အတွက် စဉ်းစားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ သံအမတ် Tam က စီးပွားရေးအဖွဲ့အစည်းများနှင့် အသင်းများက ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးပေးမှုအတွက် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
