
အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတွင် အီသနောစက်ရုံများတည်ထောင်မည့် ကုမ္ပဏီများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်အလားအလာအစရှိသည့် မက်လုံးများကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါသည်။ ထိုလှုပ်ရှားမှုသည် ၂၀၂၇ ခုနှစ်အတွက်ချမှတ်ထားသည့် ၁၀ ရာခိုင်နှုန်းဇီဝ အီသနော (E 10) ရောစပ်မှုမူဝါဒအကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးရန်ဖြစ်ကြောင်း စွမ်းအင်နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီး Bahil Lahadalia ၏ အဆိုအရ သိရပါသည်။ ဘရာဇီးနှင့် အင်ဒိုနီးရှားကြား MoU လက်မှတ်ရေးထိုးပြီးနောက်တွင် ဘရာဇီးရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှားတွင် အီသနောစက်ရုံများတည်ထောင်ရာတွင် ပါဝင်ရန်အလားအလာရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ၂၀၂၇ ခုနှစ်တွင် E10 စတင်အကောင်အထည်ဖော်ရန်အတွက် နှစ်စဉ် အီသနောပျမ်းမျှ ကီလိုလီတာ ၁.၄ သန်းလိုအပ်ကြောင်း သိရပါသည်။ စက်ရုံများတည်ထောင်ရသည့် အဓိကရည်မှန်းချက်မှာ ပြည်တွင်းဝယ်လိုအားကို ပြည်ပမှတင်သွင်းရန်မလိုအပ်ပဲ ပြည်တွင်းစက်ရုံများက လုံလောက်စွာဖြည့်တင်းပေးနိုင်ရန်ဖြစ်ကြောင်း သိရပါသည်။ ပီလောပီနံ၊ ပြောင်း သို့မဟုတ် ကြံကဲ့သို့သောကုန်ကြမ်းပစ္စည်းများကို အီသနောသို့ပြုပြင်ထုတ်လုပ်ရန်အတွက် ပြည်တွင်းစက်ရုံများတည်ထောင်ရန်လိုအပ်ပြီး ထိုစက်ရုံများတည်ရှိခြင်းသည် အလုပ်အကိုင် မြောက်များစွာဖန်တီးပေးနိုင်ကာ ဒေသစီးပွားရေးကို သိသာထင်ရှားစွာအရှိန်မြှင့်တင်ပေးနိုင်ကြောင်း သိရပါသည်။ Lahadalia ကကြံမှ အီသနောထုတ်လုပ်မည့်စက်ရုံကို Merauke မြို့တွင် တည်ထောင်ရန် ယခင်ကအကြံပြုခဲ့ကြောင်း သိရပါသည်။ သမ္မတ Prabowo Subainto က ကာဗွန်ထုတ်လွှင့်မှုကိုလျှော့ချပေးပြီး လောင်စာတင်သွင်းမှုကို မီခိုနေရမှုကိုလျှော့ချရန် အင်ဒိုနီးရှား၏ကြိုးပမ်းအားထုတ်မှု၏အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် E10 မူဝါဒကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် Lahadalia က စွမ်းအင်နှင့် သတ္ထုတူးဖော်ခြင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဘရာဇီးနိုင်ငံသတ္ထုတူးဖော်ရေးနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ထိုပူးပေါင်းဆောင်ရွက်မှုသည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဇီဝအီသနောပရိုဂရမ်များတွင် ဘရာဇီး၏ အောင်မြင်သောအတွေ့အကြုံကို ရယူရန်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
