
ပိန်းဥသည် ကစီဓါတ်ပြည့်ဝတဲ့ သီးနှံတစ်ခုဖြစ်ပါသည်။ ပိန်းဥသည် မြေကြီးအတွင်းမှ တူးယူရရှိ သည့် ဥတစ်မျိုးဖြစ်ပါသည်။ ပိန်းပင်အား စိုက်ပျိုးရာတွင် အဓိကမှာ ရေရရှိသည့် မည်သည့်ဒေသတွင်း မဆို စိုက်ပျိုး၍ရပါသည်။ စတင်စိုက်ပျိုးပြီး အပင်သက်တမ်း (၅) လခွဲမှ (၆) လထိ သက်တမ်းရှိပါသည်။ မျိုးတစ်ဧကလျှင် အတက် (၂၀၀) တက် စိုက်ပျိုးလျှင် ပိန်းဥအချိန် (၅၀၀၀) ထွက်ရှိပါသည်။ ပိန်းဥ စိုက်ပျိုးရာတွင် အသက်တက်၊ ဥမွှာ၊ ပိန်းရိုး၏အရင်းပိုင်းတို့မှ မျိုးယူ၍ စိုက်ပျိုးရနိုင်ပါသည်။ တစ်နှစ် စိုက်ပျိုးပြီး မျိုးဥများအားချန်ထားပြီး နောက်တစ်နှစ်အတွက် ပြန်လည်စိုက်ပျိုး၍ ရနိုင်သဖြင့် နောက်နှစ်အတွက် မျိုးဥများ မဝယ်ရခြင်းကြောင့် ငွေကြေးကုန်ကျသက်သာစေပါသည်။ ပိန်းဥဈေးမှာ နှစ်စဉ် ဈေးကောင်းသည့်အတွက် ပိန်းစိုက်ရာတွင် ဝင်ငွေတိုးစေကြောင်း သိရှိရပါသည်။ ပိန်းဥအမျိုးအစား များစွာရှိပြီး ပိန်းဥတစ်ပိဿာလျှင် (၅၀) ကျပ်သား ထွက်ရှိသည့် ပိန်းဥမျိုးရှိသလို ပိန်းဥအသေးမျိုးများ လည်းရှိကြောင်း သိရပါသည်။ ပိန်းဥရဲ့အပြင်ဘက်အလွှာဟာ အညိုရောင်ရှိပြီးအတွင်း အသားမှာ အဖြူရောင်ရှိပါသည်။ ပိန်းဥသည် အမျှင်ဓါတ်များစွာပါဝင်သည့်အတွက် ပိန်းဥကိုစားပေးခြင်းဖြင့် လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျောခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။ ပိန်းဥ၏ အရသာမှာ ချိုမြိန်ပြီး အာလူးနှင့် အရသာဆင်တူပါသည်။ ပိန်းဥကို သရေစာအဖြစ်ပြုတ်စားခြင်း၊ အရံဟင်းအဖြစ် ချက်ပြုတ်စားသောက်၍ ရနိုင်သလို ပိန်းဥအခြောက်ပြား၊ ပိန်းဥကွက်သီး၊ ပိန်းဥခြောက်ကြော်၊ ပိန်းဥ ရေခဲမုန့်၊ ပိန်းဥသကြားလုံး၊ ပိန်းဥဂျယ်လီ၊ ပိန်းဥဝေဖာစသည့် သရေစာမျိုးစုံ ပြုလုပ်၍ ရနိုင်ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသည့် ပိန်းဥများမှာ ပိန်းဥအလုံးကြီး (၁)ပိဿာလျှင် (၈၀၀၀) ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ပြည်မြို့ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA (ပဲခူး)
