
၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုး ရှိသောပုဇွန်များကို တင်ပို့ခဲ့ပြီး ၃ နှစ်အတွင်းအမြင့်မားဆုံးအဆင့်ထိရောက်ရှိခဲ့ကာ ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏အဆိုအရ တရုတ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် CPTPP အုပ်စုတို့ထံမှ ဝယ်လိုအားနာလံထူလာခြင်းနှင့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းများက ထုတ်ကုန်ကဏ္ဍများနှင့် ဈေးကွက်များကို လိုက်လျောညီထွေပြောင်းလဲနိုင်မှုတို့ကြောင့် ကြီးထွားမှုအားကောင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နှင့် ဟောင်ကောင်သို့ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၉၆၆ သန်းရရှိခဲ့ပြီး ၆၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်လုပ်ငန်းရှင်များသည် အမေရိကန်၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးအကောက်ခွန် အလားအလာများကို စိုးရိမ်မှုများရှိနေခြင်းကြောင့် အမေရိကန်သို့တင်ပို့မှုမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၅၈၇ သန်းတန်ဖိုးရှိခဲ့ပြီး ၄ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း သိရပါသည်။ များစွာသော စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်ကွဲပြားရန်နှင့် စွန့်စားရမှုလျှော့ချရန်အတွက် ဥရောပသမဂ္ဂနှင့် အာရှဈေးကွက်များသို့ ကူးပြောင်းရန် အာရုံစိုက်ထားကြောင်း သိရပါသည်။ CPTPP သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉၄၁ သန်းနီးပါးရှိပြီး ဂျပန်ကအမေရိကန်ဒေါ်လာ ၄၂၆ သန်းဖြင့် အုပ်စုကို ဦးဆောင်နေကြောင်း သိရပါသည်။ အာရှတွင် တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေသို့တင်ပို့မှုမှာ ၁၃ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီးဖြင့် ဂဏန်း ၂ လုံးကြီးထွားခဲ့ကြောင်း သိရပါသည်။ VASEP ကအမေရိကန်ဈေးကွက်တွင် အခက်အခဲများကြောင့် ပုဇွန်တင်ပို့မှုမှာ စတုတ္ထ ၃ လပတ် ကာလတွင် အနည်းငယ်လျှော့ပါးသွားနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ သို့သော်အင်ဒိုနီးရှား၏ပို့ကုန် ထိန်းချုပ်မှုတင်းကျပ်မှုနှင့် အီကွေဒေါ၏ တရုတ်အပေါ်အာရုံစိုက်မှုတို့ကြောင့် ရောင်းချမှုဖိအား လျှော့ကျနိုင်ပြီး ဗီယက်နမ်ပုဇွန်များအတွက် ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် သင့်လျော်ကောင်းမွန် သောအခြေအနေကို ဖန်တီးပေးကြောင်း သိရပါသည်။ အသင်းက ဥရောပသမဂ္ဂသို့တင်ပို့မှုမှာ နှစ်သစ်ကူးပွဲတော်များကြောင့် အပေါင်းလက္ခဏာဆောင်နိုင်ကြောင်း ခန့်မှန်းခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
