Main menu

ဆန်မရွေးအစ ပေါက်ပေါက်လုပ်ငန်းက

Powered by Drupal

      နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၌ အစားအသောက်နှင့် ပတ်သက်၍ မတူညီသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ခုအတွင်းတွင်လည်း ဒေသအလိုက် အစားအစာများရှိကြပါသည်။ မြန်မာနိုင်ငံတွင် ရိုးရာအစားအစာများကို ရာသီအလိုက် ဒေသအလိုက် အစားအသောက်များရှိပါသည်။

      ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင်အတွင်းတွင်လည်း ဒေသထွက်ရိုးရာ အစားအစာ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအနက်မှ ကုန်ကြမ်းပစ္စည်း ဆန်ကွဲကိုသာ အဓိကအသုံးပြု ထုတ်လုပ်ရသည့် (ဆန်မရွေး/ဝေဖာ) ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ပေါက်ပေါက်ထုတ်လုပ်မှု လုပ်ငန်းအကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

    ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်မြို့နယ်အတွင်း ပေါက်ပေါက်လုပ်ငန်း လုပ်ကိုင်သူ (၁၅/၂၀)ဦး ခန့်ရှိ၍ ဂန္ဓမာ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းရှင် (၁၀)ခန့်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့ ဂန္ဓမာစက်မှုဇုန် (၁)အတွင်းရှိ ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးနှင့်တွေ့ဆုံ၍ ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး (OVOP) ထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းလေ့လာရန် သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။ လုပ်ငန်းရှင်များမှာလည်း ၎င်း၏လုပ်ငန်းနှင့်ပတ်သက်၍ သိလိုသည်များကို ဖြေကြားပေးပါသည်။ လုပ်ငန်းရှင်မှပြောကြားရာတွင် ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ (၁၀)နှစ် ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း ယခင်ကတစ်ရက်လျင်ဆန်ကွဲအိတ်(၄၀/၅၀)ခန့် ကြိတ်ခွဲနိုင်သော်လည်း ယခုကုန်ကြမ်းပစ္စည်းဈေးနှုန်း မြင့်တက်နေသည့်အတွက် တစ်ရက်လျှင် ၂၀အိတ်ခန့်သာကြိတ်နိုင် ကြောင်းသိရှိရပါသည်။ ပေါက်ပေါက်လုပ်ငန်းအတွက်အဓိကကုန်ကြမ်းမှာ ဆန်ကွဲဖြစ်ပါသည်။ မှော်ဘီနှင့် ခြံဧရာဆန်ကွဲများမှာပိုကောင်း၍ ဆန်ကွဲတစ်အိတ်လျှင် ပေါက်ပေါက် (၂၅/၂၆)ပိဿာခန့် ထွက်ရှိပါသည်။ ပေါက်ပေါက်ထုတ်လုပ်ပုံမှာ ဆန်ကွဲအိတ် တစ်အိတ်ကို ဝေဖာကြိတ်စက်ထဲသို့ထည့်၍ (၂)နာရီအကြာကြိတ်ဖွတ်ပါက ပေါက်ပေါက်ရရှိမည်ဖြစ်ပါသည်။ ဆန်သားကျစ်ပါက ဆားဆိုဒါ အနည်း ငယ် ထည့်ပေးရပါသည်။ ပေါက်ပေါက်ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ဆန်ကွဲ၊ လုပ်သားခ၊ လျှပ်စစ်မီတာခများတွက်ချက်ပါက ဆန်ကွဲတစ်အိတ် ကြိတ်မည်ဆိုလျှင် (၄၄၄၇၅)ကျပ် ကုန်ကျ မည်ဖြစ်ပါသည်။ အကျိုးအမြတ်ရရှိမှုအနေဖြင့် ပေါက်ပေါက်တစ်ပိဿာလျှင် (၁၈၅၀)ကျပ်ဖြစ်၍ (၂၅)ပိဿာလျှင် (၄၆၂၅၀)ရရှိမည်ဖြစ်ပါသည်။ ဆန်ကွဲတစ်အိတ်လျှင် (၁၇၇၅)ကျပ် အကျိုး အမြတ်ရရှိမည်ဖြစ်ပါသည်။ တစ်ရက်လျှင် ဆန်ကွဲ (၂၀)အိတ်ခန့်ကြိတ်ဖွတ်လျှင် အကျိုးအမြတ်အနေဖြင့် (၃၅၅၀၀)ကျပ်ခန့် နေ့စဉ်အကျိုးအမြတ် ရရှိမည်ဖြစ်ပါသည်။

   ဈေးကွက်အနေဖြင့် ထွက်ရှိလာသောပေါက်ပေါက်များကို (၁၀)ပိဿာပါ ပလတ်စတစ် အိတ်ခွံအတွင်း လေလုံအောင်ထည့်ပြီး ဒေသတွင်းမြို့နယ်များနှင့် တောင်ကုတ်၊ မြန်အောင်၊ ဟင်္သာတနှင့် မင်းတုန်းမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ပေါက်ပေါက်လုပ်ငန်းသည် အကျိုးအမြတ်နည်းသော်လည်း ပုံမှန်ဝင်ငွေရရှိ၍ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)