Main menu

လာမည့် ဈေးကွက်ရာသီ၌ အိန္ဒိယ၏ သကြားတင်ပို့မှု တန်ချိန် ၂ သန်းသို့ မြင့်တက်ဖွယ်ရှိ

Powered by Drupal

     သကြားမှအီသနောလောင်စာထုတ်လုပ်မှုသို့ ပြောင်းလဲသုံးစွဲမှု နည်းပါးလျက်ရှိပြီး ပြည်တွင်း ၌ သကြားပမာဏ အမြောက်အမြား ပိုလျှံမှုဖြစ်ပေါ်နိုင်သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ရှေ့လာမည့် ဈေးကွက်ရာသီကာလတွင် ပြည်ပသို့ သကြားတန်ချိန် ၂ သန်းအထိ နှစ်ဆတိုး၍ တင်ပို့ရဖွယ်ရှိသည် ဟု အိန္ဒိယသကြားလုပ်ငန်းနယ်ပယ်မှ အရာရှိများက နိုဝင်ဘာ ၆ ရက်နေ့၌ ပြောဆိုခဲ့ကြသည်။ သို့ ဖြစ်ရာ ကမ္ဘာ့ ဒုတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်သော အိန္ဒိယမှ တင်ပို့မှုမြင့်မားလာခြင်း သည် ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေခဲ့သော နယူးယောက်နှင့် လန်ဒန် သကြား ကြိုတင်အရောင်း စံပြုဈေးနှုန်းများအပေါ် ဖိအားများသက်ရောက်နိုင်ခြေရှိနေသည်။

    အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ဈေးကွက်ရာသီနှစ်အထိ ငါးနှစ်တာကာလအတွင်း နှစ်စဉ် ပျမ်းမျှ သကြားတန်ချိန် ၆.၈ သန်းခန့် တင်ပို့မှုနှင့်အတူ ကမ္ဘာ့သကြားတင်ပို့မှု ဒုတိယအများဆုံး နေရာ၌ ရပ်တည်ခဲ့သည်။ သို့သော် ရာသီဥတုခြောက်သွေ့မှုနှင့် ကြုံတွေ့ရပြီးနောက် ၂၀၂၃-၂၄ ခုနှစ်မှ စတင် ၍ ပြည်ပသို့သကြားတင်ပို့မှုကို အစိုးရက ပိတ်ပင်တားမြစ်ခဲ့ပြီး ယမန်နှစ်၌ တန်ချိန် ၁ သန်းမျှကိုသာ တင်ပို့ရန် ခွင့်ပြုပေးခဲ့သည်။

   အိန္ဒိယနိုင်ငံ သကြားနှင့်ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း (ISMA) မှ ညွှန်ကြားရေးမှူးချုပ် Deepak Ballani က ယခုလာမည့် သကြားဈေးကွက်ရာသီနှစ်အတွက် ဖြစ်တန်ခြေရှိသော တင်ပို့မှု ပမာဏသည် တန်ချိန် ၂ သန်းအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

   အောက်တိုဘာ ၁ ရက်နေ့၌ စတင်ခဲ့သော ၂၀၂၅-၂၆ ဈေးကွက်တင်ရောင်းဝယ်ရေးနှစ်တွင် အိန္ဒိယ၏ သကြားထွက်ရှိမှုမှာ အီသနောထုတ်လုပ်ရန်အတွက် ပြောင်းလဲသုံးစွဲမည့် တန်ချိန် ၃.၄ သန်းခန့်ကို နုတ်ပယ်ပြီးပါက တန်ချိန် ၃၀.၉၅ သန်းခန့်ရှိနိုင်ကြောင်း၊ ယင်းပမာဏသည် ယခင်နှစ် ကထက် ၁၈.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ISMA အသင်းက ဖော်ပြထားသည်။ ယခုနှစ် အီသနောထုတ်လုပ်မှုအတွက် အသုံးပြုမည့် သကြားပမာဏသည် တန်ချိန် ၄.၅ သန်းမှ ၅ သန်းအတွင်းရှိမည်ဟု အဆိုပါအသင်းက အစောပိုင်းကာလများတွင် ခန့်မှန်းထားခဲ့သည်။ သို့သော် ဇီဝလောင်စာ ထုတ်လုပ်ရန် လျာထားချက် စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းခန့်သို့သာ သကြားအခြေပြု အီသနောထုတ်လုပ်မှုရှိပြီး ကျန်ပမာဏသည် မွေးမြူရေးအစားအစာအခြေပြု အီသနောထုတ်လုပ်မှု လုပ်ငန်းများသို့ ခွဲဝေရောက်ရှိခဲ့သည်။

    အမျိုးသား သကြားစက်ရုံများ သမဝါယမအသင်းချုပ် (NFCSF) မှ အုပ်ချုပ်မှုဒါရိုက်တာ Prakash Naiknavare က ၎င်းတို့အနေဖြင့် သကြားစက်ရုံများမှ ဆောလျင်စွာ သကြားတင်ပို့ခွင့်ကို စတင်ခွင့်ပြုပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း၊ သို့မှသာ ၎င်းလုပ်ငန်းများသည် ရာသီကာလ အစပိုင်းတွင် ပြည်ပတင်ပို့ရန်အတွက် သကြားကုန်ကြမ်းများကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ဘရာဇီးနိုင်ငံမှ ရာသီအသစ်တွင် စတင်ထုတ်လုပ်သည့် သကြားများ ဈေးကွက်သို့ ဝင် ရောက်လျက် ကမ္ဘာ့သကြားဈေးနှုန်းများအပေါ် ဖိအားများဖြစ်ပေါ်ခြင်း မရှိမီအချိန်၌ အိန္ဒိယ အနေ ဖြင့် သုံးလကြာမျှ တိုတောင်းသော ပြည်ပသို့ သကြားတင်ပို့ရန် အခွင့်အရေးရှိနေပါသည်။

      လက်ရှိကာလတွင် အိန္ဒိယပြည်တွင်း၌ သကြားဈေးနှုန်းများသည် ကမ္ဘာ့ပေါက်ဈေးနှုန်းများထက် မြင့်မားလျက်ရှိပြီး ရာသီအသစ်မှ ထုတ်လုပ်သည့် သကြားများ စတင်ဝင်ရောက်လာခြင်းက ပြည်တွင်းဈေးကွက်အပေါ် ဖိအားသက်ရောက်နိုင်မှုအရ ဒီဇင်ဘာလ အစောပိုင်းမှစတင်၍ ပြည်ပတင်ပို့နိုင်ရန် သကြားစက်လုပ်ငန်းများက မျှော်လင့်လျက်ရှိကြောင်း၊ ဓာတ်ဆီ၌ အီသနော ၂၀ ရာခိုင် နှုန်း ရောစပ်သုံးစွဲရန် အစိုးရ၏ တွန်းအားပေးမှုအောက်တွင် သကြားစက်အများအပြားသည် ၎င်းတို့ ၏ ကြိတ်ခွဲထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ခဲ့ကြကြောင်း၊ အီသနောထုတ်လုပ်ရန်အတွက် အသုံးမပြုရ သေးသောပမာဏ ကြီးမားစွာကျန်ရှိနေခြင်းက ၎င်းတို့အတွက်ဆုံးရှုံးမှုဖြစ်စေနိုင်ကြောင်း၊ ထို့အပြင် ၎င်းစက်ရုံလုပ်ငန်းများသည် သကြားများ ပိုမိုထပ်မံထုတ်လုပ်ရန်လည်း ရှိနေကြောင်းဖြင့် ISMA မှ ညွှန်ကြားရေးမှူးချုပ် Mr. Ballani က ပြောဆိုခဲ့သည်။

Source: The Hindu Business Line, 6 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)