Main menu

MSME လို့အမည်တွင်တဲ့အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ‌

Powered by Drupal

   MSME ဆိုသည်မှာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး လုပ်ငန်းငယ်လေးများဖြစ်သော်လည်း နိုင်ငံ၏စီးပွားရေးကြီးထွားနှုန်းနှင့် ပြည်သူ့အလုပ်အကိုင် အခွင့်အလမ်းများကို အဓိကဖန်တီးပေးနေပြီး မြန်မာနိုင်ငံ၏လုပ်ငန်းရှင် ၉၉ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများတွင် ပါဝင်နေပါသည်။ MSME လုပ်ငန်းသည် ရင်းနှီးငွေပမာဏ၊ ဝန်ထမ်းအင်အား နှင့်ရောင်းရငွေစံနှုန်းများအပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးကို အထောက်အကူပေးနေသော အဓိကအင်အားစု တစ်ခုလည်းဖြစ်ပါသည်။ ယင်းလုပ်ငန်းငယ်လေး များသည် ပြည်သူတို့၏အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကဖန်တီးပေးပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်။

အငယ်စားလုပ်ငန်း(Micro)သည် ဝန်ထမ်းအင်အားအနည်းဆုံး ရင်းနှီးငွေအနည်းငယ် သာရှိသော အိမ်တွင်းလက်မှုလုပ်ငန်း (သို့မဟုတ်) ဝန်ဆောင်မှုပေးနေသောလုပ်ငန်းဖြစ်ပြီး အသေးစားလုပ်ငန်း (Small)သည် ဝန်ထမ်းနှင့်ရင်းနှီးငွေပမာဏအသင့်အတင့်ရှိပြီး ဒေသတွင်း လုပ်ငန်းကို အဓိကထား လုပ်ကိုင်သော လုပ်ငန်းများဖြစ်ကာ အလတ်စားလုပ်ငန်း (Medium)သည် ဝန်ထမ်းအင်အားနှင့် ရင်းနှီးငွေပမာဏကြီးမားလာပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပ ဈေးကွက်သို့ပါ ထိုးဖောက်နိုင်စွမ်း ရှိသောလုပ်ငန်းများဖြစ်သည်။ MSME လုပ်ငန်းများသည် အရည်အသွေးမြင့်တန်ဖိုးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံတော် အတွက်နိုင်ငံခြားဝင်ငွေရရှိစေရန် များစွာ အထောက် အကူပြုပါသည်။

နိုင်ငံ၏စီးပွားရေးအရွယ်အစားကိုဖော်ပြသည့် စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) တိုးတက်လာစေရန်လည်း MSME လုပ်ငန်းများက အရေးပါသောကဏ္ဍမှ ပံ့ပိုးပေးပါသည်။ လုပ်ငန်းငယ် လေးများဖြစ်သည့်အတွက် ဈေးကွက်၏လိုအပ်ချက်ကို လျင်မြန်စွာတုံ့ပြန်နိုင်ပြီး ထုတ်ကုန်အသစ်များ၊ ဝန်ဆောင်မှုအသစ် များကိုဖန်တီးကာ စီးပွားရေးအခွင့်အလမ်းတိုးစေနိုင်ပြီး စီးပွားရေးမတည်ငြိမ်သည့် ကာလများတွင်ပင် လုပ်ငန်းကြီးများပြိုလဲသွားသည့်တိုင် MSME လုပ်ငန်းများက စီးပွားရေးလည်ပတ်မှု ကို ဆက်လက် ထိန်းကျောင်းပေးနိုင်စွမ်းရှိပါသည်။ MSME လုပ်ငန်းများမှတစ်ဆင့် ထုတ်လုပ်မှု ကွင်းဆက် (Supply Chain)တစ်လျှောက်လုံး ငွေကြေးစီးဆင်းမှုရှိနေခြင်းကြောင့် စီးပွားရေးမဏ္ဍိုင် ခိုင်မာစေရန် တည်ဆောက်ပေးပါသည်။

MSME လုပ်ငန်းများသည် နိုင်ငံစီးပွားရေး၏ကျောရိုးသွေးကြောများဖြစ်ပြီး အရင်းအနှီး၊ နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်နေရဆဲဖြစ်ပြီး နိုင်ငံစီးပွားရေး၏အခြေခံ အုတ်မြစ်ဖြစ်သည့်အတွက် ၎င်းတို့ဖွံ့ဖြိုးတိုးတက်လာမှသာလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးတိုးတက် မြင့်မားလာမည်ဖြစ်ပြီး ပြည်သူများ၏လူမှုစီးပွားဘဝလည်း မြင့်မားလာမည် ဖြစ်ပါသည်။ နိုင်ငံတော်၏စီးပွားရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် MSME လုပ်ငန်းများကို စနစ်တကျမူဝါဒချမှတ်၍ ဘဏ္ဍာရေးအထောက်အပံ့ နှင့်ဈေးကွက်ချိတ်ဆက်မှုများ ပိုမိုပံ့ပိုးပေးရန် လိုအပ်ပြီး MSME လုပ်ငန်းများရှင်သန်ကြီးထွားမှသာ နိုင်ငံ့ စီးပွားတိုးတက်မှုနှုန်းသည် ရေရှည်ခိုင်မာ လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)