Main menu

အလုပ်အကိုင် ၈ သန်းဖန်တီးနိုင်ရန်မျှော်မှန်းရသည့် အင်ဒိုနီးရှား၏ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်မည့်ပရိုဂရမ်

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ရူပီး ၃၇၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ) ရှိသည့် အစားအစာ၊ စိုက်ပျိုးခြင်းနှင့် မွေးမြူရေးကဏ္ဍတွင် တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်သည့်ပရိုဂရမ်သည် အလုပ်အကိုင် ၈ သန်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Sulaiman က အင်ဒိုနီးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Rosan Perkasa Roeslani နှင့် နိုဝင်ဘာလ၇ ရက်နေ့က ဂျကာတာမြို့တွင် ကျင်းပခဲ့ သည့် အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုအစည်းအဝေးတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန်အတွက် ရူပီး ၃၇၁ ထရီလီယံ ရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့ကြောင်း သိရပါသည်။ Sulaiman က ပရိုဂရမ်၏ ပထမ အဆင့်တွင် တစ်နှစ်ကို ၁ သန်းနှုန်းဖြင့် သုံးနှစ်အတွင်း အလုပ်အကိုင် ၃ သန်း ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း၊ အစိုးရသည်‌ဒေသထွက်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်တင်ရန်နှင့် အလုပ်အကိုင် သစ်သန်းပေါင်းများစွာဖန်တီးနိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တန်ဖိုး မြှင့်ပြုပြင်ထုတ်လုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းနှင့် ဖြစ်နိုင်ချေရှိသော လေ့လာမှုများပြုလုပ်ပြီးပါက ဝန်ကြီး Roeslani ထံတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ သကြား၊ ကိုကိုးနှင့် သီဟိုဠ်တို့ပါဝင်သည့် များစွာသောအဓိကကုန်စည်များကို ပရိုဂရမ်တွင် ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးက တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်းသည် စိုက်ပျိုးရေးသမားများ၏ လူမှုစီးပွားတိုးတက်ရေးနှင့် နိုင်ငံတော်ကုန်စည်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရေးတွင် အလွန်အရေးပါကြောင်း၊ ဥပမာအနေဖြင့်ဆိုပါက ၎င်းတို့သည် အုန်းသီးများကို တန်ဖိုးနည်းပါးစွာဖြင့်ရောင်းချကြောင်း၊ သို့သော်ပြည်တွင်းတွင်တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်ပါက ဈေးနှုန်းများမှာ ၅၀၀ ရာခိုင်နှုန်းထိမြင့်တက်နိုင်ကြောင်းနှင့်  ပိုမိုကြီးမားသည့် စက်မှုလုပ်ငန်းဆိုပါက တန်ဖိုးသည် ၂၀ ဆမှ ၁၀၀ ဆထိမြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)