
ခေတ်မီစိုက်ပျိုးရေးတွင် ဆန်းသစ်တီထွင်မှု၊ ထိရောက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ရည်ရွယ်သည့် ကမ္ဘာ့ထိပ်တန်း လယ်ယာသုံးစက်ပစ္စည်းပြပွဲ Agritechnica အား ဂျာမနီနိုင်ငံ Hanover ၌တစ်ပတ်ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “Touch Smart Efficiency” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ယခုနှစ် အခမ်းအနားသည် နိုင်ငံနှင့် ဒေသပေါင်း ၅၂ ခုမှ ပြပွဲပြသသူ ၂၈၀၀ ခန့်ကို ဆွဲဆောင်ခဲ့ပြီး စိုက်ပျိုးရေး စက်ယန္တရားများ၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် ချိတ်ဆက်ထားသော လယ်ယာစနစ်များတွင် ဆန်းသစ်တီထွင်မှုများအပေါ် အာရုံစိုက်ကျင်းပခြင်းဖြစ်သည်။ ပြခန်းပြသသူ အားလုံးတွင် တရုတ်နိုင်ငံသည် ဂျာမနီနှင့် အီတလီနိုင်ငံပြီးလျှင် ပြပွဲပြသသူ ၂၅၀ ဖြင့် တတိယနေရာတွင် ရပ်တည်လျှက်ရှိသည်။ ပြပွဲပြသသူ ၆၈.၅ ရာခိုင်နှုန်းသည် ပြည်ပမှစံချိန်တင်လာရောက်ကြပြီး ပြပွဲ၏ ကြီးထွားလာသော နိုင်ငံတကာလက်လှမ်းမီမှုကို ရောင်ပြန်ဟပ်စေသည်။ "စိုက်ပျိုးရေးသည် ကြီးမားသောဖိအားအောက်တွင် ရှိနေသည်" ဟု German Agricultural Society (DLG) ၏ မန်နေဂျင်းဒါရိုက်တာ Lothar Hoevelmann က အဖွင့်အမှာစကားပြောကြားခဲ့သည်။ Agritechnica 2025 သည် ရေရှည်တည်တံ့သော ကုန်ထုတ်စွမ်းအား တိုးတက်မှုအတွက် ဖြေရှင်းချက်များအား တင်ပြရန်နှင့် လက်တွေ့၊ သိပ္ပံနှင့် စက်မှုလုပ်ငန်းတို့ အကြား ဆွေးနွေးမှုများကို မြှင့်တင်ရန် ပလပ်ဖောင်းတစ်ခု ပံ့ပိုးပေးထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ပြပွဲစီစဉ်သူ DLG ၏အဆိုအရ ယခုနှစ်ပွဲတော်သို့ ဧည့်သည် ၄၃၀,၀၀၀ ခန့် တက်ရောက်ရန် မျှော်မှန်းထားပြီး ၂၀၂၃ ခုနှစ်ပွဲကျင်းပစဉ်က တက်ရောက်သူ ၄၇၀,၀၀၀ ကျော်၏ စံချိန်နှင့် ကိုက်ညီကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
