
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များတွင် မြန်မာထမင်းနှင့်ဟင်းလျာများကို ရောင်းချသည့်အပြင် မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြေးအိုးဆီချက်၊ နန်းကြီးသုတ် စသည်ဖြင့် အမျိုးမျိုးသော အစား အသောက်များကိုလည်း မိသားစု တစ်နိုင်တစ်ပိုင်စီးပွားဖြစ်ရောင်းချလျက်ရှိရာ ဆိုင်နာမည် “မြင့်မြင့်သန်း” အမည်ရှိပြီး တောင်ငူမြို့နယ်တွင် နာမည်ကျော်ကြားလှသော ကွေ့တီယို အစား အသောက်သည် လူကြီး/လူငယ်မရွေးကြိုက်နှစ်သက်ကြသည့် အတွက် တောင်ငူအစားအသောက် ဈေးကွက်တွင် ရောင်းအားကောင်းလျက်ရှိနေပါသည်။
မြင့်မြင့်သန်းဆိုင်မှ ရောင်းချလျက်ရှိသော ကွေ့တီယိုအစားအစာကို အသုတ်နှင့်အရည် ဖျော်ဟူ၍(၂)မျိုး ပြုလုပ်ထားပြီး စားသုံးမှုပုံစံမတူအောင် ရောင်းချလျက်ရှိနေပါသည်။ ကွေ့တီယို ပြုလုပ်ရာတွင် ကြက်သားကိုအများဆုံးအသုံးပြုထားပြီး ကြက်သားကို ဆား၊ အရသာမှုန့်၊ သကြား၊ ပဲငံပြာရည်တို့ဖြင့် ရော၍ပြုတ်ပေးရပြီးနောက် ဟင်းရည်ပြုလုပ်ရန်အတွက် ကြက်သားပြုတ်ရည်နှင့် သစ်ချပိုးခေါက်၊ လေးညှင်း ပွင့်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ အရသာမှုန့်များနှင့် ကြက်ဥ သို့မဟုတ် ငုံးဥအပြင် ကြိုက်နှစ်သက်သော အသားလုံးများရော၍ပြုတ်ပါက ဟင်းရည်အဖြစ် ရရှိလာပြီ ဖြစ်ပါသည်။
ကွေ့တီယိုအသုတ်ပုံစံစားသုံးရန်အတွက် အနှစ်လိုအပ်ပြီး ကွေ့တီယိုဆော့စ်၊ ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ပဲငံပြာရည်တို့ကိုရောစပ်ပါက လိုအပ်သော အနှစ်ရရှိလာပါသည်။ ထို့နောက် ကွေ့တီယိုဖတ်၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်တို့ကို ၃ မိနစ်ခန့် ရေနွေး ဖျောပြီးပါက ကြက်သား၊ မြေပဲဆံထည့်၍ အသင့်ပြုလုပ်ထားသော အနှစ်ဖြင့်သုတ်စားခြင်း ဖြင့်လည်းကောင်း၊ ကွေ့တီယိုဖတ်နှင့် အရည် ဖျော်ရောစပ်၍ အရည်ဖျော်အဖြစ်လည်းကောင်း စားသုံးနိုင်ပါသည်။
ယခုကာလများ၌ ကွေ့တီယို ၁ ပွဲလျှင် ၄၅၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ယခင်နှစ်များထက် ဈေးနှုန်းအနည်းငယ်မြင့်တက် သွားကြောင်း၊ ရောင်းအားအနေဖြင့်လည်း စားသုံးသူအများအပြားလာရောက် စားသောက်ကြသည့် အတွက် ယခင်ထက်ပိုမိုရောင်းအားကောင်း လျက်ရှိနေကြောင်း တောင်ငူမြို့၊ ဘုရားလမ်းရှိ ကွေ့တီယိုရောင်းချသူ ဆိုင်ပိုင်ရှင်ဒေါ်မြင့်မြင့်သန်း၏ ပြောကြားချက်အရသိရှိရသည်။
DOCA(ပဲခူး)
