
တောင်ငူခရိုင်၊ ကေတုမတီမြို့မဈေးတွင် ရောင်းချနေသော တောလက်ဖက်ကို ပြည်မြို့မှ သယ်ယူ ရောင်းချပြီး ပြည်ဒေသခံများက သီလရှင်လက်ဖက်ဟုလည်းခေါ်ကြပြီး ထိုသို့ခေါ်ကြခြင်းမှာ တောလက်ဖက် ကို တောင်တန်းများပေါ်ရှိ သီလရှင်များကပြုလုပ်ခဲ့ကြသည့်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ပေါင်းများစွာက တောရကျောင်းများသည် အစားအသောက်ရှားပါးကြသဖြင့် သီလရှင်ဆရာလေးများသည် တောတောင်များရှိတောင်စောင်းများတွင် ပေါက်ရောက်ကြသော ဆေးဖက်ဝင်အရွက်များအား ခူးဆွတ်ကြ ပါသည်။ ၎င်းတောင်စောင်းများတွင် အလေ့ကျ ပေါက်လေ့ရှိသော နုနဲရွက်လေးများကိုခူးဆွတ်၍ အရွက်ကြမ်း များကိုဖယ်ကာ အရွက်နုလေး များကိုရွေးချယ်ပြီး ရေနွေးထဲထည့်၍ နူးသွားအောင်ပြုတ်ထားရပါသည်။ ထို့နောက် အရွက်များကို နယ်၍ အိုးများထဲတွင်သိပ်ထားရပြီး အရောင်ဝင်းနေစေရန် အပေါ်မှရေလောင်းပေး ရပါသည်။ လက်ဖက်သားနပ်ပြီဆိုလျှင် ထုပ်ပိုးရန်အတွက် (၂) ကျပ်သားပြည့်အောင် ချိန်တွယ်ပြီး ဘန့်မိုးရွက် ကိုသုံးရွက်ထပ်၍ ဝါးနှီးဖြင့်လက်ဖက်ထုပ်ပတ်ပတ်လည်ကို ရေမဝင်အောင် ခပ်တင်းတင်းစည်း နှောင်ထားရပါသည်။ ထုပ်ပိုးပြီးသောလက်ဖက်ထုပ်များကို စည်ပိုင်းထဲထည့်ပြီး လက်ဖက်ထုပ်များ မြုပ်သည်အထိ ရေစိမ်ထားရပြီး (၁၅) ရက်တစ်ကြိမ်ရေလဲပေးရပါသည်။ ရေမလဲပေးလျှင် ချွဲသွားတက်သဖြင့် (၁)နှစ်ပတ်လုံးရေစိမ် ပေးလျှင် အကောင်းဆုံးတောလက်ဖက်ကို ရရှိနိုင်ပါသည်။
တောင်ငူမြို့နယ် ကေတုမတီမြို့မဈေးတွင် တောလက်ဖက်များရောင်းချလျက်ရှိရာ တောလက်ဖက် တစ်ထုပ်လျှင် (၁၀၀၀) ကျပ်ဖြင့်ပုံမှန်ရောင်းချလျက်ရှိပြီး ပြည်မြို့မှမှာယူ၍ ရောင်းချလျက်ရှိကြောင်း ကေတုမတီမြို့မဈေးမှ တောလက်ဖက်ရောင်းချသူ မတင်တင်ရီ၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(ပဲခူး)
