Main menu

ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုတန်ဖိုး ယခုနှစ်၌ ဒေါ်လာ ၈ ဘီလီယံကို ကျော်လွန်ဖွယ်ရှိ

Powered by Drupal

      ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှ ဝင်‌ငွေရရှိမှုသည် မူလမျှော်မှန်းခဲ့သည့် ၂၀၃၀ ပြည့်နှစ် ထက် ပိုမိုစောလျင်စွာဖြင့် ၂၀၂၅ ခုနှစ်၌ပင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကို ကျော်လွန်၍ ရရှိ နိုင်မည်ဟု ယုံကြည်ကြောင်း ဗီယက်နမ်ကော်ဖီအသင်း (Vicofa) က ပြောဆိုခဲ့ပါသည်။

      အဆိုပါအသင်း၏ ပြောကြားချက်အရ ထိုကဲ့သို့ခန့်မှန်းထားခြင်းသည် အဓိကအချက်သုံးရပ် ဖြစ်သော ထုတ်ကုန်အရည်အသွေး တိုးတက်ကောင်းမွန်လာမှု၊ နက်နဲသည့် နည်းစဉ်ဖြင့် ပြုပြင် ထုတ်လုပ်ခြင်းတွင် ပါဝင်သော အချိုးအစားမြင့်တက်လာမှုနှင့်  ကာလရှည်မဟာဗျူဟာ စီမံချက် အပေါ်အခြေခံသည့် ဈေးကွက်ချဲ့ထွင်မှု တို့အပေါ် အခြေပြုထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    ဗီယက်နမ်သည် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တန်ဖိုး ဒေါ်လာ ၇.၄၁ ဘီလီယံ ရှိသော ကော်ဖီတန်ချိန် ၁.၃ သန်းကို ပြည်ပသို့ တင်ပို့ရောင်းချထားပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆၁.၈ ရာခိုင်နှုန်း တိုးတက်လျက် လက်ရှိကာလအထိ နှစ်စဉ်တင်ပို့နိုင်မှုတန်ဖိုးတွင် အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း၊ ယင်းကာလအတွင်း ကော်ဖီတစ်တန်၏ ပျမ်းမျှပို့ကုန်ဈေးနှုန်း သည် ၅၆၅၃ ဒေါ်လာနှုန်း အထိရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၂.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း၊ ဈေးကွက်နေရာအများအပြား၌ သိသာစွာ တိုးတက်မှုရရှိခဲ့ပြီး အထူးသဖြင့် မက်ဆီကို ဈေးကွက်သို့ တင်ပို့မှုတန်ဖိုးသည် အဆအားဖြင့် ၃၄.၇ ဆ မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြပါရှိပါသည်။

    ၂၀၂၀ ပြည့်နှစ် မတိုင်မီကာလများ၌  ကော်ဖီဈေးနှုန်း နိမ့်ကျခဲ့သဖြင့် တောင်သူများ အနေ ဖြင့် စိုက်ပျိုးမှုပမာဏလျော့ချခဲ့ကြရာ ကော်ဖီထုတ်လုပ်ပေးသွင်းမှုကို လျော့နည်းစေခဲ့ကြောင်း၊ လုပ်ငန်းရှင်များသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးတိုးတက်စေရန်အတွက် ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုကွင်းဆက်များတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်ခဲ့ကြောင်း၊ ကော်ဖီသောက်သုံးမှု စဉ်ဆက်မပြတ်မြင့်တက်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ထုတ်လုပ်မှုကျဆင်း ခြင်းကြောင့် ကော်ဖီဈေးနှုန်းများ သိသာစွာမြင့်တက်ခဲ့ပြီး ပြည်ပတင်ပို့ငွေ စံချိန်တင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

     ဗီယက်နမ်ကော်ဖီအသင်းအနေဖြင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များ အထူးသဖြင့် ဥရောပသမဂ္ဂ-ဗီယက်နမ် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်ကို လေ့လာ သုံးသပ်လျက်ရှိပြီး ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများအား တင်းကျပ်သော ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် အရည်အသွေးစံချိန်စံညွှန်းများ နှင့်အညီ ထုတ်လုပ်ရန်အတွက် စိုက်ပျိုးရေးအလေ့အထများ ပြောင်းလဲကျင့်သုံးအောင် တွန်းအားပေးလျက်ရှိပါသည်။

    ကော်ဖီစက်ရုံများအား ကုန်ကြမ်းမှသည် ကုန်ချောအဆင့်ထိတိုင်အောင် ‌တာဝန်ယူမှုရှိ သော ထုတ်လုပ်မှုဂေဟစနစ်အဖြစ် ၂၀၂၅ ခုနှစ်တွင် တွေ့မြင်ရခြင်းသည် ရေရှည်ထုတ်လုပ်မှု တိုးတက်စေရေး အခြေခံအုတ်မြစ်ကို နောင်လာမည့်နှစ်များအထိ ချမှတ်ဆောင်ရွက်ခြင်း ဖြစ် ကြောင်း သိရှိရပါသည်။

Source : Vietnam News, Nov 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)