
ယာကွန်ပင်သည် အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီးမြို့နယ် နှင့် ဟိုပုံးမြို့နယ်တို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ဧပြီလ နှင့် မေလတို့တွင် အများဆုံးစိုက်ပျိုးပြီး ၅လ မှ ၉လအတွင်း ပန်းပွင့်ပါသည်။ ပန်းပွင့်များသည် သေးငယ်သည့်အရွယ်အစားရှိကာ အရွက်များမှာ အစိမ်းရင့်ရောင်ရှိပါသည်။ အပင်၏ အထက်ပိုင်း ပန်းပွင့်သည် နေကြာပန်းကဲ့သို့ဖြစ်ပြီး အောက်ဘက်အမြစ်သည် ကန်စွန်းဥကဲ့သို့ပုံသဏ္ဍာန်ရှိပါသည်။ ယာကွန်ဥမှာ အရည်ရွှမ်းသော ပန်းသီး၊ သစ်တော်သီးတို့ကဲ့သို့သော အရသာမျိုးရှိသဖြင့် ထူးခြားပြီး ဆွဲဆောင်မှုရှိသော အပင်တစ်မျိုးဖြစ်ပါသည်။
ယာကွန်ပင်အပေါ်ပိုင်း အပင်ခြောက်၍ အရွက်ကြွေချိန်တွင် မြေအောက်ရှိပင်စည်ဥကို တူးဖော် စားသုံးနိုင်ပြီဖြစ်ပါသည်။ မြေအောက်မြစ်ဖြစ်သော ယာကွန်ဥကို ဖျော်ရည်အဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း၊ အစိမ်းအတိုင်း သရေစာအဖြစ်သော်လည်းကောင်း စားသုံးနိုင်ပါသည်။ အရွက်များကိုတော့ အခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်၍ သောက်သုံးနိုင်ပါသည်။
ယာကွန်ဥတွင် အချိုဓါတ်ရရှိနိုင်သဖြင့် စားသောက်ကုန်အမျိုးမျိုးတို့တွင် ကျန်းမာရေး အစားအစာအဖြစ် ထည့်သွင်းစားသုံးကြပါသည်။ ဆီးချို၊ သွေးချိုသမားများနေဖြင့် သကြားအစားထိုး အချိုအဖြစ် အာဟာရဖြည့်စွက်စားသုံးနိုင်သလို ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်များရရှိနိုင်ကာ ကိုယ်ခံအားကိုလည်း တိုးစေပါသည်။ ကယ်လိုရီအနည်းငယ်သာ ပါဝင်သဖြင့် ကိုယ်အလေးချိန် လျော့ကျလိုသူများအတွက်လည်း သင့်လျော်ပါသည်။
ယာကွန်ပင်၏ အရွက် ပျမ်းမျှအထွက်နှုန်းမှာ ၁ဧကလျှင် ပိဿာ ၂၀၀ မှ ၃၀၀ခန့် အထိ ထွက်ရှိပြီး အမြစ်ဥ၏ အထွက်နှုန်းမှာ ၁ဧကလျှင် ပိဿာ ၄၀၀၀ မှ ၅၀၀၀ ခန့်အထိ ထွက်ရှိကြောင်း၊ ယာကွန်ဥကို တူးဖော်ပြီးနောက် နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ပါက အချိုဓါတ်များ လျော့ကျသွားနိုင်သဖြင့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားပြီး ခြောက်သွေ့၍ အေးမြကာ လေဝင်လေထွက် ကောင်းသောနေရာတွင်ထားပါက ကာလအတန်ကြာအထိ သိုလှောင်ထားနိုင်ကြောင်းနှင့် ယခုချိန်ခါတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ယာကွန်ဥ တစ်ပိဿာလျှင် ၈၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
