
အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန (MoA)သည် ငရုတ်ကောင်းအဖြူနှင့် အမည်းအား ဂျပန်သို့တင်ပို့မှုမြင့်တက်ရန် အားကောင်းသောအလားအလာရှိသည်ဟု သတ်မှတ်ထားကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ Plantation Product Downstreaming ဦးစီးဌာန ညွှန်ကြားရေးမှူး Kuntoro Boga Andri က ဂျပန်အစားအစာများသည် ငရုတ်ကောင်း၊ ဆားနှင့် ဇာတိပ္ဖိုလ်သီးတို့ အသုံးပြုမှုများပြားသောကြောင့် ဂျပန်စားသုံးသူများသည် ငရုတ်ကောင်း ဝယ်လိုအားကောင်းကြောင်းနှင့် ထိုကြီးမားသည့်ဂျပန်ဈေးကွက်သည် Bangka Belitung ကျွန်းများမှ ငရုတ်ကောင်းအဖြူနှင့် Lampung မှ ငရုတ်ကောင်းအမည်းတို့ကို တင်ပို့မှုမြှင့်တင်ရန် အခွင့်အလမ်းရှိကြောင်း ပြောြကားခဲ့ပါသည်။ Kuntoro ၏အဆိုအရ ပြည်တွင်းထုတ်လုပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ငရုတ်ကောင်းဝယ်လိုအားမြင့်တက်လာမှုကို ဖြည့်စည်းရန်မလုံလောက်သေး ကြောင်း သိရပါသည်။ အင်ဒိုနီးရှား ငရုတ်ကောင်းထုတ်လုပ်မှုသည် လတ်တလောနှစ်များအတွင်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ MoA ထံမှအချက်အလက်များအရ အင်ဒိုနီးရှား၏ ငရုတ်ကောင်း ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်တွင် ၈၃၉၁၅ တန်မှ ၂၀၂၅ ခုနှစ်တွင် ၆၃၄၆၁ တန်အထိ ကျဆင်းခဲ့ ကြောင်း သိရပါသည်။ ထိုကျဆင်းမှုသည် ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်အစရှိသည့် အခြား အဓိကထုတ်လုပ်သူများထံမှ ယှဉ်ပြိုင်မှုကြီးထွားလာသောကြောင့် နိုင်ငံ၏ငရုတ်ကောင်းလုပ်ငန်းကို ပြန်လည်အားကောင်းစေရန် ရည်ရွယ်ထားသည့် အင်ဒိုနီးရှားအစိုးရအတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါသည်။ Bangka Belitung ကျွန်းများ၏ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာဖူလုံရေးရုံးခေတ္တအကြီးအကဲ Erwin Krisnawinata က ဒေသ၏ငရုတ်ကောင်းအဖြူသည် ကောင်းမွန်သောအရသာကြောင့် လူသိများပြီး များစွာသောနိုင်ငံတကာဈေးကွက်များသို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ သို့သော်လတ်တလောအခြေအနေသည် အတော်အသင့်ဆန့်ကျင်ဘက် ဖြစ်နေကြောင်း၊ လတ်တလောနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာငရုတ်ကောင်းဈေးနှုန်းများ အားကောင်းပြီး ဝယ်လိုအားတည်ငြိမ်နေသော်လည်း များစွာသောစိုက်ပျိုးရေးသမားများသည် ၎င်းတို့၏ ငရုတ်ကောင်းစိုက်ခင်းများကို စွန့်ပစ်ခဲ့ကြောင်းနှင့် ဂျပန်အစရှိသည့် အာမခံချက်ရှိသည့် ဈေးကွက်များသို့ စဉ်ဆက်မပြတ်တင်ပို့နိုင်ရန်အတွက် စိုက်ပျိုးရေးသမားများအား ငရုတ်ကောင်း စိုက်ပျိုးမှုကို ပြန်လည်စိတ်ဝင်စားလာစေရန်အတွက် အားကောင်းသောမဟာဗျူဟာ လိုအပ်နေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
