
ရာသီစိုက်ပျိုးသော ဟင်းရွက်ဖြစ်သည့် ဟင်းနုနွယ်များ မအူပင်မြို့နယ်တွင်ထွက်ရှိနေ၍ မအူပင်အခွန်လွတ်ဈေးတွင် ရောင်းချလျက်ရှိသည်၊ ဟင်းနုနွယ်ပင်စိုက်ပျိုးခြင်းသည် အစေ့တိုက်ရိုက်ချ စိုက်ပျိုးရပြီး အလွန်လွယ်ကူသည့် ဟင်းရွက်ပင်ဖြစ်ခြင်းကြောင့် မိသားစုတစ်နိုင်တစ်ပိုင် ချက်စားဖို့ရန်အတွက်သော်လည်းကောင်း၊ ဈေးကွက်အတွင်း ရောင်းချရန်သော်လည်းကောင်း အပင်အဖြစ်မြန်ပြီး စိုက်ပျိုးသင့်သည့်ဟင်းရွက်ပင် အမျိုးအစားဖြစ်ကြောင်း၊ ဟင်းနုနွယ်ရွက် စိုက်ပျိုးခြင်းသည် ဟင်းနု နွယ်မျိုးစေ့အား တိုက်ရိုက်ကြဲပြီး စိုက်ပျိုး ကြကာ လေးငါးရက်ဖြင့် အပင်ပေါက်များပေါက်လာကြောင်း၊ ဆယ့်ငါးရက်ခန့်ကြာလျှင် ခူးပြီး ရောင်းချကြကြောင်းသိရသည်။ ဟင်းနုနွယ်ရွက်များအား သုံးရက်တစ်ခါခူးပြီးရောင်းချရကာ ဈေးကွက်အတွင်း နိုဝင်ဘာလ တတိယပါတ်တွင် ဟင်းနုနွယ် ၅ပင်တစ်စည်းလျှင် ၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ များပြားစွာ ထွက်ရှိလာပါက ၁စီး ၅၀၀ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဟင်းနုနွယ်ဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းဖြစ်၍ မြင့်တက်ခြင်း၊ ကျဆင်းခြင်းမရှိပဲ နှစ်စဉ် ဈေးနှုန်းပုံမှန်ရောင်းချလျက်ရှိသည်။ မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးသီးနှံဖြစ်ပြီး ဟင်းနုနွယ်ရွက်ပင်အား သပ်သပ်စိုက်ပျိုး ခြင်းဖြင့်စိုက်ပျိုးခြင်း၊ ကြက်သွန်ခင်း၊ ငရုတ်ခင်း၊ ပြောင်းဖူး၊ ပဲအမျိုးမျိုးအခင်းများထဲတွင် သီးညှပ် စိုက်ပျိုးကြပြီး ဟင်းနုနွယ်ရွက်ခင်းသီးသန့်စိုက်ပျိုးပြီး ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
