
မြင်းခြံခရိုင်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်လမ်းတွင် တည်ရှိပြီး ဆည်မြောင်း၊ ကန်ချောင်းများအသင့်အတင့်ရှိသဖြင့် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းကုလားပဲသီးနှံကိုလည်း အဓိကထား စိုက်ပျိုးကြောင်း သိရှိရသည်။ ဆောင်းကုလားပဲများကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့၌ ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ရက်ပေါင်း(၉၀/၁၂၀)ရက် ကြာမြင့်ကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်တွင် ဆောင်းကုလားပဲ စီမံကိန်းဖြင့် (၂၇၉၇၃) လျားထားဧကတွင်(၂၄၆၁)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စာရင်းများအရသိရှိရသည်။ စိုက်ပျိုးရန်ကျန်ရှိသောဧက များအား ဆက်လက်စိုက်ပျိုးနေကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၁၂/၁၃)တင်း ထွက်ရှိခဲ့ကြောင်း၊ ယခုစိုက်ပျိုးထားရှိသော ဆောင်းကုလားပဲများ ရာသီဥတုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ်၌ ကုလားပဲ V2တစ်တင်းလျှင်(၇၇၉၀၀)ကျပ်နှင့် ကုလားပဲ929တစ်ပိဿာလျှင် (၇၇၄၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာနောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကုလားပဲ V2 တစ်တင်း လျှင်(၂၀၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ကုလားပဲ929ဈေးနှုန်းများမှာ ယခင်လဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိခဲ့ကြောင်း၊ ကုလားပဲ အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ကွာခြားကြောင်း၊ ပွဲရုံများ၌ ယခင်နှစ်ထွက်ရှိသော ပဲဟောင်းများကိုသာ အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခုအချိန်တွင် ကုလားပဲဆောင်းအသစ်များ ထွက် ပေါ်မှုမရှိသေးကြောင်း၊ မြင်းခြံမြို့ရှိပွဲရုံများ အနေ ဖြင့် တစ်ပတ်လျှင် အိတ်(၁၀၀-၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ဆောင်းကုလားပဲများ ဈေးကွက်၌လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပဲအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
