Main menu

ကျောက်ဆည်မြို့ရဲ့ ဆင်ပွဲတော်

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏ သီတင်းကျွတ်ဆင်ပွဲတော်သည် မြန်မာတစ်နိုင်ငံ လုံးတွင် အထူးထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်ပါသည်။ နှစ်စဉ်သီတင်းလဆန်း (၁၄) ရက်နေ့တွင် ဆင်ပြိုင်ပွဲတော်ကျင်းပပြီး သီတင်းကျွတ်လပြည့်နေ့တွင် ရွှေသာလျောင်း တောင်ပေါ် ဘုရားသို့ ဆင်လှူပွဲတော်ကျင်းပလေ့ရှိသည့် ဓလေ့ထုံးစံရိုးရာတစ်ခုဖြစ်ပါသည်။ မြို့တစ်မြို၏ ဂုဏ်ကျက်သရေကို ဖော်ဆောင်ပေးနိုင်သည့် ရိုးရာပွဲတော်များစွာရှိပါသည်။ တန်ဆောင်တိုင် ပွဲတော်ဆိုသည်နှင့်တောင်ကြီးမြို့၏ မီးပုံးပျံပွဲတော်သည် တောင်ကြီးမြို့၏ ဂုဏ်ကိုဆောင်ပါသည်။ တော်သလင်းလလှေပြိုင်ပွဲတော်ဆိုသည်နှင့် မိတ္ထီလာကန်တွင် ကျင်းပမြဲဖြစ်သော လှေပြိုင်ပွဲတော် သည် မိတ္ထီလာမြို့၏ ဂုဏ်ကိုဆောင်ပါသည်။ ဒီဇင်ဘာလပန်းပွဲတော်ဆိုသည်နှင့် ကန်တော်ကြီး ပန်းပွဲတော်သည် ပြင်ဦးလွင်မြို့၏ ဂုဏ်ကိုဆောင်ပါသည်။ ထိုကဲ့သို့သော ဘုရားပွဲ၊ နတ်ပွဲ၊ ရိုးရာ ဓလေ့ပွဲတော်များထဲမှ ကျောက်ဆည်ဆင်ပွဲသည်လည်း ကျောက်ဆည်မြို့၏ ဂုဏ်ကိုတိုင်းသိ ပြည်သိဖော်ဆောင်ပေးလျှက်ရှိပါသည်။ ဆင်ပွဲတော်တွင် ဆင်ချိုးခြင်းအတက်ပညာကို ပိုင်ဆိုင် ကျွမ်းကျင်သူများက ဝါး၊ စက္ကူတို့ဖြင့် ပြုလုပ်ထားသော ဆင်ရုပ်အတွင်း လူဝင်၍ အပြိုင်အဆိုင် တီးမှုတ်ကခုန်ကာ လှည့်လည်ကပြ ဖျော်ဖြေသော ပွဲတော်ဖြစ်သည်။ သက်ဆင်များမဟုတ်ပဲ အရုပ်ဆင်များဖြင့် ကပြယှဉ်ပြိုင်သော ပွဲတော်ဖြစ်သည်။ ဆင်ပွဲအစ ကျောက်ဆည်ကဟုဆိုရာဝယ် ရှေးယခင် ဘုရင်မင်းမြတ်အနော်ရထာမင်းကြီး လက်ထက်တော်ကာလတွင် အမတ်လိမ္မာသံ အဖွဲ့သည် သီဟိုဠ်ကျွန်းမှ မြတ်စွာဘုရား၏ စွယ်တော်မြတ် ၁ဆူကို ပင့်ဆောင်ခဲ့ပါသည်။ ထိုအခါ ရှင်အရဟံ မထေရ်က မင်းကြီးအား စွယ်တော်မြတ်ကို နန်းတော်တွင် ကိုးကွယ်သည်ထက် သာသနာတော် နှစ်ငါးထောင်တိုင်တိုင် ခမ်သိမ်းသော သတ္တဝါအပေါင်းတို့ ကိုးကွယ်စေခြင်းငှာ စေတီတည်သင့်ကြောင့် မိန့်တော်မူ၏။ အနော်ရထာမင်းကြီးသည် စွယ်တော်မြတ်ကို ဆင်ဖြူတွင် တင်၍ စွယ်တော်ကိန်းဝပ်တော်မူလိုသော အရပ်၌ စွယ်တော် ၁ဆူပွားရန် ဓိဌာန်တော်မူပြီး ဆင်ဖြူကိုလွှတ်စေသည်။ ပထမဦးစွာ ကျောက်ဆည်မြို့၏ ရွှေသာလျောင်းတောင်ထက်၌ တစ်ခဏ မျှရပ်၏။ ထိုမှတဆင့်ပြက္ခရွှေတောင်သို့ တက်လေသည်။ရွှေသာလျောင်းတောင်ထိပ်စေတီမြတ်အား နှစ်စဉ် သီတင်းကျွတ်လ၌ ရွှေဆင်၊ ငွေဆင်၊အရုပ်တို့ပြုလုပ်၍ လှူဒါန်ပူဇော်ခြင်း ဆင်ဖြူတော် (ဆင်မယဉ်သာ)အတွက် သတိတရရည်စူး၍ ဆွမ်းတော်ကြီးကပ်လှူဒါန်း အမျှပေးဝေးခြင်းများပြု လုပ်ခဲ့ရာမှ ကျောက်ဆည်ဆင်ပွဲတော် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ အနော်ရထာမင်းကြီး သည် ကျောက်ဆည်မြို့ သာလျောင်းတောင်နှင့် မြစ်သားမြို့ ပြတ်ခရွေတောင်တို့တွင် စေတီများ တည်ပြီးနောက် “ငါပြုတော်မူသော ကုသိုလ်တော်စေတီတို့အား ၁နှစ် တစ်ကြိမ်ဆွမ်းဆပ် ကပ်လှူဒါန်ကြစေ၊ မမေ့မလျော့ဆွမ်တော်ကြီးကပ်လှူကြသောသူတို့သည် စပါးဆန်ရေ ကောက်ပဲ သီးနှံဖွံ့ဖြိုးတိုးတက်ချမ်းသာပါစေ ၊ မေ့လျော့ပေါ့ဆသူတို့သည် ဆန်ကောနှင့် ကောက်ဆွသာ ကျန်ရှိပါစေ”ဟု ဓိဌာန်ထားတော်မူခဲ့လေသည်။ကျောက်ဆည်မြို့နယ် ၊ဆင်မဟာသဟဲရှိ မြို့ရော တော်ပါမကျန်ရှိစီးပွားရးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုတို့သည် သူထက်ငါ အပြိုင်အဆိုင် ဆင်ရုပ်များ ချိုး၍ပြိုင်ပွဲဝင်လှည့်လည်ကပြ ဖျော်ဖြေလေ့ရှိသည်။ ကျောက်ဆည်မြို့နယ် သူနယ်သားများသည် နေပူပူ မိုးရွာရွာ ဆင်ပွဲတော်သို့ လာရောက်ကြည့်ရှု့ အားပေးမြူးထူး ပျော်ပါးကြသည်။ အဝေးရောက်နေသူများကလည်း ဆင်ပွဲတော်အမှီပြန် လာခဲ့ကြသည်။ ကျောက်ဆည်မြို့သည် လယ်တွင်းကိုးခရိုင် “ကိုးသိန်းရှင်”နယ်မြေဖြစ်သည်။ စပါးဆန်ရေ ကောက်ပဲသီးနှံ ပေါ်ကြွယ်ဝသည်၊ဆင်ထောင်သော လုပ်ငန်းရှင်များသည် ဆင်ယူသောနေ့၍ ဆင်ချိုးသူ ပန်းချီဆရာအိမ်သို့ သွားရောက်၍ ဆင်ယူရလေသည်။ ထိုနေ့တွင် ဆင်ရုပ်ကို ခုံပေါ်တင်၍ ကန်တော့ပွဲ နှစ်ပွဲတင်ရလေသည်။ နယ်တော်ရှင်ဖြစ်သော “ကိုးသိန်းရှင်”ကို တင်မြှောက်သောပွဲနှင့် ဆင်များကို ပိုင်စိုးသော “ဥတေန နတ်မင်း”အား တင်မြှောက်ပူဇော်၍ လက်ပိုင်းတင်ပေးရသည်။ဆင်ယူပြီးအပြန်လမ်းတလျှောက် ကပြဖျော်ဖြေရင်း အလှူခံထွက်ကြ သည်။ လှူဒါန်းသူများကလည်း ရွှေသာလျောင်းမြတ်စွာဘုရားအား ရည်စူး၍ လှူဒါန်းကြ သည်။ ဆင်ရုပ်ထဲသို့ ဝင်ကမည့်သူ နှစ်ဦးသည် ဆင်ရုပ်အတွင်းသို့ ရှေ့တစ်ရောက်နောက်တစ်ရောက်ဝင်၍ ကကြရလေးသည်။ ဆင်ဦးစီးသည် နတ်ဒိုးဖြင့် သုံးကြိမ်ဦးတိုက်ကန်တော့ပြီး နောက်လေးကင်း၊ အရိုင်းတီး၊အယဉ်တီးဖြင့် အတီးအမှုတ်နှင့် လိုက်ဖက်ညီစွာ ဆင်ယူသွားရလေသည်။ ယခင်ကဆိုလျှင် တော်သလင်းလဆန်းမှစ၍ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ကပြ အလှူခံထွက်ကြလေသည်။ ဆင်လာမည်ဟေ့ဟုရွာလူကြီးက တစ်အိမ်တစ်ပွဲ လက်ဖက်ရည်ပွဲ၊ အမြည်းပွဲ ဆင့်သံကြားလျှင် တော်သူလှပျိုဖြူများက ဆင်အကအဖွဲ့လာမည်ကို စောင့်ကြို နေကြလေသည်။ ရွာအဝင်အနားဆီက မောင်းသံတစ်ချက် ဒူကနဲ့ ကြားလိုက်ရင်ဖြင့် တော်သူ ပျိုဖြူတို့ ရွှေရင်ခုံကြလေပြီးဖြစ်သည်။ ဆင်အကနှင့် ဆင်အလှူခံအဖွဲ့တွင် လိုက်ပါလာကြသည့် ကာလသား လူပျိုများကလည်း ဆင်ဖြင့် လိုက်ထိုးကြလေသည်။အမျိုးသမီးငယ်များကလဲ ဆင်ကို မခံမရပ်နိုင်အောင် လှောင်ပြောင်ရီထိုးစနောက်ကြလေသည်။ထိုအခါ အမျိုးသမီးငယ်များအား ဆင်ကလိုက်ထိုးလက် ပြေးလိုက်ဖြင့် ဝမ်းလျားမှောက်လဲဒူးကွဲခဲ့ကြလေသည်။ အမျိုးသမီးငယ်များ ထဲမှ တစ်ယောက်အား ဆင်ထိုးမိလျှင် ပျော်ရွှင်နေကြသည်မှာ ဆင်အဖွဲ့က လူငယ်များဖြစ်သည်။ ဆင်အဖွဲ့များကို လက်ဖက်သုပ်၊ဂျင်သုပ်၊အကြော်၊ရေနွေးကြမ်းဖြင့် ဧည့်ခံကြသည်မှာ ဆင်ပွဲတော်၏ ချစ်စရာကောင်းသော တစ်ရွာနှင့် တစ်ရွာချစ်ခင်ရင်းနှီးမှုကို ပြသကြလေသည်။ ပြောရလျှင် လူပျို၊အပျိုလှည့်သည့် ဓလေ့တစ်ခုအသွင် ဆောင်ခဲ့လေသလာပင်ဖြစ်သည်။သီတင်ကျွတ် လဆန်း ၁၄ ရက်နေ့ကျောက်ဆည်မြို့ ဆင်ပွဲတော်  သို့ ရောက်ပြီဆိုလျှင် အမြို့မြို့၊ အရွာရွာ၊ အရပ်ရပ်တို့မှ လူကြီး၊လူငယ်၊ယောင်္ကျား၊မိန့်မတို့သည် ဆင်ပွဲတော်ကျင်ပရာ လမ်းဘေးဝဲယာတစ်လျှောက် နေရာယူပြီးကြပြီးဖြစ်လေသည်။ မည်သို့ပင်ဆိုစေကမူ ခေတ်ကာလတွေ ပြောင်းလဲလာသည့် နှင့်အမျှ ရိုးရာဆင်အက အလှများမှ တစ်ဆင့် ခေတ်မီဆန်းသစ်တီထွင်မှုများနှင့်အတူ ဘောကြယ်ဆင် ၊အကအလှများအထိ အောင်မြင်လာပြီးဖြစ်ပါသည်။ထိုဆင်အကအလှများနှင့်အတူ နိုင်ငံကျော်အဆိုတော်နှင့် ဆယ်လီများအား သူထက်ငါ အပြိုအဆိုင်ခေါ်ယူ၍ ကပြဖျော်ဖြေမှုများ ဖြင့် ယခုနှစ်ဆင်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ဆင်ပွဲတော်သို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ  လာရောက်ကြည့်ရှု့မှုများပြားခဲ့ပြီး ခရီးသွားဝန်ဆောင်မှုကို ဆွဲဆောင်နိုင်ခဲ့ပါသည်။နိုင်ငံတကာအထိမ်းအမှတ် အခမ်းအနားများတွင် ဆင်အက အလှအနုပညာ ကို ဖျောဖြေတင်ဆက်ခွင့်ရရှိခြင်းဖြင့် ကမ္ဘာမှာ မြန်မာဟု ထင်ပေါ်ကျော်ကြားလာနိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် တန်ခိုးကြီး ဘုရားအဓိဌာန်အောင် “ရွှေသိမ်တော်”မြတ်စွာဘုရားဖူးရင်း ကျောက်ဆည်ဆင်ပွဲတော်သို့ လှမ်းလာခဲ့ပါလို့ဖိတ်ခေါ်လိုက်ပါရစေရှင်။

  DOCA(မန္တလေး)